ရန်ကုန် အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ်ကြီး၌ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာလ ပထမပတ်မှာ ဖွင့်လှစ်ရောင်းချဖို့ အခုအောက်တိုဘာလ နောက်ဆုံးပတ်ကနေစပြီး ဆိုင်ခန်းပိုင်ရှင်တွေကို သူတို့ရောင်းမယ့်ပစ္စည်းတွေရွှေ့ပြောင်း ခွင့်ပြုထားပါတယ်” ဟု ဈေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် မူလဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့ပြန်လည် ရရှိထားသည့် ဈေးဆိုင်ခန်းများတွင် အခကြေးငွေ တစ်စုံတစ်ရာပေးဆောင်ရန်မလိုဘဲ ရောင်းချနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆိုင်ခန်းလေးထောင်ကျော်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
“ မူလဆိုင်ခန်းပိုင်ရှင်တွေက အခကြေးငွေ ပေးဆောင်စရာ မလိုဘူး၊ တောင်းခံတဲ့သူရှိရင်လည်း သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်” ဟု တာဝန်ရှိသူက ပြောသည်။
ယင်းအပြင် တင်ဒါအောင်မြင်၍ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ၁၀ ပေပတ်လည်ဆိုင်ခန်းများအား အရစ်ကျစနစ်နှင့် ဘဏ်ချိတ်စနစ်များဖြင့် ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်း ဈေးတာဝန်ရှိသူထံမှ သိရသည်။
မင်္ဂလာဈေးကြီးသည် ၂၀၁၀ ပြည့်နှစ် မေ ၂၄ ရက်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၀ နှစ်ကျော်အကြာ ယခု ၂၀၂၆ ခုနှစ် နိုဝင်ဘာ ပထမပတ်တွင် အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးအဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ဇာနည်မောင်


