၁၀ နှစ်​ကျော်ကြာ ပြန်လည်တည်​ဆောက်ခဲ့သည့် မင်္ဂလာဈေးကြီး၌ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန် ​အောက်တိုဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ်ကြီး၌ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချ​တော့မည်ဖြစ်​ကြောင်း သိရသည်။

 

“နိုဝင်ဘာလ ပထမပတ်မှာ ဖွင့်လှစ်ရောင်းချဖို့ အခုအောက်တိုဘာလ နောက်ဆုံးပတ်က​နေစပြီး ဆိုင်ခန်းပိုင်ရှင်တွေကို သူတို့​ရောင်းမယ့်ပစ္စည်း​တွေရွှေ့ပြောင်း ခွင့်ပြုထားပါတယ်” ဟု ဈေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထိုသို့ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် မူလဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့ပြန်လည် ရရှိထားသည့် ဈေးဆိုင်ခန်းများတွင် အခကြေးငွေ တစ်စုံတစ်ရာပေးဆောင်ရန်မလိုဘဲ ရောင်းချနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆိုင်ခန်းလေးထောင်ကျော်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

 

“ မူလဆိုင်ခန်းပိုင်ရှင်​တွေက အခကြေးငွေ ပေးဆောင်စရာ မလိုဘူး၊ တောင်းခံတဲ့သူရှိရင်လည်း သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်” ဟု တာဝန်ရှိသူက​ ပြောသည်။

 

ယင်းအပြင် တင်ဒါအောင်မြင်၍ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ၁၀ ပေပတ်လည်ဆိုင်ခန်းများအား အရစ်ကျစနစ်နှင့် ဘဏ်ချိတ်စနစ်များဖြင့် ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်း ဈေးတာဝန်ရှိသူထံမှ သိရသည်။

 

မင်္ဂလာဈေးကြီးသည် ၂၀၁၀ ပြည့်နှစ် မေ ၂၄ ရက်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများ‌​ဆောင်ရွက်ခဲ့ရာ ၁၀ နှစ်ကျော်အကြာ ယခု ၂၀၂၆ ခုနှစ် နိုဝင်ဘာ ပထမပတ်တွင် အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးအဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- ဇာနည်မောင်