စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်

ညောင်တုန်း ၁၈ ဇန်နဝါရီ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်  စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်၊ စာစောင်များ ငှားရမ်းခြင်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ချောင်းကြီးကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၊ ရတနာသီရိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။ 


ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအကြောင်း၊ စားသုံးရန်မသင့်သော ဆိုးဆေးများပါ အစားအစာများ အကြောင်း ဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃ ဒေါ်အမာရှိန်က စာဖတ်ရှိန် မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးဇေယျက "စာပေအကျိုးကျေးဇူး" အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၈၈ ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အဟာရနွားနို့တိုက်ကျွေးခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများက စာအုပ်၊ စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


ဝဠာနိုင်(ညောင်တုန်း)