မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ

၂ ဇူလိုင်

 

ရာသီဥတုက ပေးတဲ့ သဘာဝအန္တရာယ်တွေ ထဲမှာ မိုး နဲ့ မိုးကြိုး ဆိုတာ အမြဲ တတွဲတွဲနဲ့ရယ်။ မိုးတွေ မှောင်လာပြီဆို မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေ ပါလာတတ်ပါတယ်။ မိုးခြိမ်းသံ ကြားတာနဲ့ အိမ်ထဲ နေရင်းတောင် နေစရာမရှိအောင် ကြောက်လန့်နေတတ်သူတွေ ကိုယ့်အနီးအနားမှာ ရှိတယ် မဟုတ်လား။

 

တကယ်တော့ မိုးကြိုး အန္တရာယ်ဟာ ကြောက်ဖို့သင့်တဲ့အရာပါပဲ။ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာ ရှိတာတွေကို လိုက်နာပြီး ကိုယ့်အန္တရာယ်ကို ကြောက်သင့် ပါတယ်။ မိုးကြိုးပစ်ခံရရင် အသက်အန္တရာယ် လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါတွေနဲ့ စနစ်တွေ မှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်ပါတယ်။

 

ဘယ်လို ကာကွယ်ရမလဲ

 

အများအားဖြင့် အပြင်မှာ ရှိနေချိန်ဟာ မိုးကြိုး ပစ်ခံရနိုင်တဲ့ အန္တရာယ် အများဆုံးဆိုတာ လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဘေးကင်းဖို့အတွက် အကောင်းဆုံးက ဒီအချိန်မှာ အိမ်ထဲမှာ သို့မဟုတ် အဆောက်အအုံထဲမှာနေပါ။ အိမ်ကို မိုးကြိုးပစ်လိုက်တဲ့အခါ ဓာတ်ကြိုး၊ ပိုက်လိုင်း၊ ကေဘယ် သို့မဟုတ် တယ်လီဖုန်းလိုင်း၊ အင်တာနာ စတာတွေကတဆင့် မြေပြင်ကိုပဲ စီးဝင်သွားမှာပါ။ ဒါပေမယ့် ဒီအချက်တွေကို မလိုက်နာရင် အိမ်ထဲမှာ ရှိနေရုံနဲ့ ဘေးကင်းမှုကို စိတ်မချရပါဘူး။

 

မိုးကြိုးပစ်နေချိန် အိမ်ထဲမှာ –

 

ကြိုးနဲ့ ချိတ်ဆက် ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ (ဥပမာ – ကြိုးဖုန်း၊ တီဗီ) ကို မသုံးပါနဲ့။ လက်ကိုင်ဖုန်း၊ ဝိုင်ဖိုင် စတဲ့ ကြိုးမဲ့ဆက်သွယ်မှု တွေကတော့ သုံးလို့ရပါတယ်။

 

ရေပိုက်တွေ၊ ရေဘုံဘိုင်ခေါင်းတွေ အနားမနေပါနဲ့။ ရေပိုက်လိုင်းတွေကနေ ရေမသုံးပါနဲ့။ ပိုက်လိုင်းဆက်သွယ်မှုတွေက တဆင့်လျှပ်စစ်စီးဝင်လာနိုင်ပါတယ်။

 

အားသွင်းတာတွေ၊ အဝတ်လျှော်စက်၊ တီဗီ၊ မီးဖို စတဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ မသုံးဘဲ ရပ်ထားပါ။

 

မြေအောက်ခန်း၊ အိမ်ရှေ့ကပြင် စတဲ့ အောက်ခြေမှာ ရေဝပ်နိုင်၊ စိုထိုင်းနေနိုင်တဲ့ ကြမ်းပြင်တွေမှာ ရပ်မနေပါနဲ့။ အဲဒီဧရိယာတွေက မြေပြင်လျှပ်စစ်စီးကြောင်း ရှိနိုင်တဲ့ အန္တရာယ်ဇုန်တွေ ဖြစ်နေလို့ပါ။

 

အပြင် မှာ ရှိနေချိန် ဆိုရင် –

 

မိုးရွာမနေလည်း လျှပ်စီးလက်တာ၊ မိုးခြိမ်းတာရှိနေရင် သတိထားဖို့ သင့်ပါတယ်။

 

မိုးကြိုးပစ်နေချိန် အမိုးအကာရှာပြီး ဝင်နေပါ။ ဒါပေမယ့် တစ်ပင်တည်း ထီးထီး ရှိနေတဲ့ သစ်ပင်အောက် ဝင်မခိုပါနဲ့။

 

30-30 Rule ကို မှတ်သားထားပါ။ လျှပ်စီးလက်တာ ကို မြင်လိုက်ရတာနဲ့ ၁ ကနေ ၃၀ ထိ ရေတွက်ပါ။ ၃၀ မရောက်ခင် မိုးခြိမ်းသံကြားလိုက်ရတယ်ဆို ကိုယ့်အနီးအနား မိုးကြိုးအန္တရာယ် စိတ်ပူရပါတယ်။ အနည်းဆုံး မိနစ် ၃၀ အထိ အိမ်ထဲ သို့မဟုတ် လုံခြုံတဲ့ အဆောက်အအုံလိုမျိုး အမိုးအကာ အောက်မှာပဲ နေပါ။

 

ကားထဲမှာ ရှိနေချိန်ဖြစ်ရင် ကားတံခါးဘောင်၊ ပြတင်းပေါက်တို့လို သံထည်၊ သတ္တုကိုယ်ထည် အစိတ်အပိုင်းတွေနဲ့ မထိမိအောင် သတိထားပါ။ ဒီလိုဆိုရင် ကားထဲဝင်နေလို့ ရပါတယ်။ ကားကို တိုက်ရိုက် မိုးကြိုးပစ်ခဲ့ရင်တောင် သံဘောင် တည်ဆောက်မှုတွေကနေတဆင့် မြေကြီး ထဲပဲ စီးဝင်သွားမှာ မို့လို့ပါပဲ။

 

သံထည် ခြံစည်းရိုး၊ မီးရထားသံလမ်း၊ သံဇကာအကာ တွေလိုမျိုး သံ၊ သတ္တုတွေ ရှိနေတဲ့ လမ်းကြောင်းတွေ တလျှောက်မှာ မနေမိ၊ မထိတွေ့မိပါစေနဲ့။ အဝေးမှာ ပစ်လိုက်တဲ့ မိုးကြိုးကနေ ကိုယ့်ဆီကို လျှပ်စစ်စီးကြောင်း ရောက်လာနိုင်လို့ပါ။

 

မိုးကြိုးပစ်ခံရနိုင်တဲ့ အန္တရာယ်က ဖြစ်ခဲတယ်ဆိုပေမယ့် နေရာမရွေး၊ အချိန်မရွေး ရုတ်တရက် ကျရောက်လာနိုင်တာ ဖြစ်လို့ သတိထား ကာကွယ်တာ အကောင်းဆုံးပါ။

 

မိုးကြိုးပစ် ခံရတဲ့အခါ နေရာနဲ့ အတိုင်းအတာ ကို မူတည်ပြီး အသက် သေဆုံးတဲ့ အထိ ဖြစ်စေနိုင်သလို အသက် မဆုံးရှုံးရရင်တောင် ပြင်းထန်တဲ့ နောက်ဆက်တွဲထိခိုက်မှု တွေ ဖြစ်ကျန်စေနိုင်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Yun Sandi Nan Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”