ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် ငါးပြေမ စီးပွားဖြစ်မွေးမြူခြင်း အောင်မြင်လျက်ရှိ

ရန်ကုန် ၂ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာ၌ သုံးလတွင် ငွေပေါ်သော စီးပွားဖြစ် တစ်ပိုင်တစ်နိုင် ငါးပြေမမွေးမြူသောလုပ်ငန်းများ အောင်မြင်လာလျက်ရှိကြောင်း ငါးမွေးတောင်သူတို့ထံမှ သိရသည်။

 

ကုက္ကိုဝမြစ်၏ ချောင်းလက်တက်များမှ ရရှိသောရေဖြင့် (၁၀)ဧကကျော်ထိ တစ်ပိုင်တစ်နိုင်အဖြစ် သုံးလငါးပြေမကို စီးပွားဖြစ်မွေးမြူထုတ်လုပ်လျက်ရှိရာ မွေးမြူရေးတောင်သူအချို့မှာ ရက်တိုဖြင့် ဝင်ငွေရရှိသော ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စားလာ၍ ဧရာဝတီတိုင်းဒေသကြီးမှ ငါးသားပေါက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် စီးပွားဖြစ် ငါးမွေးမြူခြင်းလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာကြခြင်းဖြစ်သည်။

 

“ကျွန်တော်က စပါးပဲစိုက်ခဲ့တာ၊ အခြားသူတွေ ရက်တိုတိုနဲ့ ငါးမွေးမြူရေးလုပ်ငန်း အောင်မြင်နေကြတဲ့အတွက် စမ်းပြီးလုပ်ကြည့်တာ အောင်မြင်တာကြောင့် ဆက်ပြီးလုပ်ဖြစ်တာပါ။ (၃)လ ငါးပြေမတစ်ကြိမ်ဖော်တာ သိန်း(၂၀)ကျော် ကျန်တယ်။ ဒီလမိုးရတဲ့အတွက် ပိုပြီးအောင်မြင်မယ်ထင်တယ်။ သားပေါက်ကောင်ရေ နှစ်သောင်းခွဲမွေးပြီး ကန်ကြီးနှစ်ကန်နဲ့ ကန်သေးတစ်ကန်မှာ အလျင်မပြတ်အောင်မွေးပါတယ်။ ကန်ဖော်ရင် ရွှေပိတောက်ငါးဈေးကို ပို့တယ်။ ဒီမှာလည်းရောင်းတယ်။ ရေရှိတယ်၊ မြေရှိတယ်၊ နည်းပညာကိုလေ့လာတယ်။ စပါးလည်းစိုက်၊ ငါးလည်းမွေးပါလို့ ဘဝတူတောင်သူတွေကို အကြံပြုလိုပါတယ်”ဟု ဆတ်ကလေးကျေးရွာမှ တောင်သူဦးသန်းစိုးက ပြောသည်။

 

ဆတ်ကလေးကျေးရွာတွင် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးကြင်း၊ ငါးမုန့်၊ ငါးခေါင်းပွ၊ ငါးခူ၊ ငါးပြေမတို့ကို စီးပွားဖြစ်မွေးမြူလျက်ရှိရာ တစ်ပိုင်တစ်နိုင် မွေးသူတို့အနေဖြင့် ပေ(၆၀×၇၀)အကျယ်၊ အနက်(၄)ပေတွင် ငါးပြေမသားပေါက် (၂)သောင်းခွဲ စိုက်ထည့်မွေးမြူပြီး တစ်လအကြာ နှစ်ကျပ်ခွဲသားအရွယ်တွင် ပေ(၇၀×၁၂၀)အကျယ်၊ ခုနစ်ပေအနက်ရှိသောကန်သို့ ပြောင်းရွှေ့မွေးမြူကြသည်။ သုံးလအကြာ (၁၀)ကျပ်သားအရွယ်တွင် ကန်ဖော်ပါက ကျပ်(၅၀ဝ၀)မှ ကျပ်(၈၀ဝ၀)ဈေးထိ ရရှိသည့်အတွက် ကျပ်သိန်း(၄၀)ကျော်ရရှိရာ အရင်း ကျပ်သိန်း(၂၀)ခန့် နုတ်ပါက အမြတ်သိန်း(၂၀)ကျော် ကျန်သောကြောင့် တောင်သူတို့ ရက်တို တစ်ပိုင်တစ်နိုင် ငါးမွေးမြူခြင်းကို စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။

 

ငါးသားပေါက်များကို ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီး ခရမ်း၊ သုံးခွမှ မှာယူလေ့ရှိပြီး ငါးပြေမ နှစ်လက်မအရွယ်လျှင် (၄၅)ကျပ်ဖြင့် ဝယ်ယူ၍ ငါးအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုရှိသော်လည်း ငါးပြေမမှာ ဈေးကွက်ဝင် အမျိုးအစားဖြစ်သောကြောင့် စမ်းသပ်မွေးမြူမှု ပိုမိုများလာခြင်းဖြစ်ရာ ရက်တိုဖြင့် ငွေပေါ်သော ငါးပြေမအပြင် ငါးခူကိုလည်း စမ်းသပ်မွေးမြူလျက်ရှိကြောင်း သိရသည်။ တောင်သူတို့အနေဖြင့် နည်းပညာပါသော ရေနက်နက်တွင် ကန်ကြပ်စနစ်ဖြင့် မွေးမြူလိုသော်လည်း ရင်းနှီးမြှုပ်နှံမှုများသော ငါးအမျိုးအစားထက် ရက်တိုတိုဖြင့် စီးပွားဖြစ်၊ ဈေးကွက်ရှိသော ငါးအမျိုးအစားကို ရွေးချယ်၍ မွေးမြူလာကြလျက်ရှိရာ စပါးစိုက်ပျိုးမှုနှင့်အတူ တစ်ပိုင်တစ်နိုင် ငါးမွေးမြူမှု အောင်မြင်လျက်ရှိကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံ - စည်သူ၊ သစ္စာ

 

mdn