ငါ့သရောက်မြို့တွင်  (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ ကျင်းပ

ငါ့သရောက် ၁၅ ဇန်နဝါရီ


၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုဗဟိုပြုခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက ပြည်ထောင်စုနေ့သည်  မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးကြီးသော နေ့ရက်ဖြစ်ခဲ့ကြောင်း တိုင်းရင်းသား ပေါင်းစုံမှသွေးစည်းညီညွတ်မှုကို ပြသသည့် ပင်လုံစာချုပ်ချုပ်ဆိုသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ဟောပြောပြီး ကျောင်းသား ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးကြသည်။ 


ဟောပြောပွဲအခမ်းအနားသို့ ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၃၀ တက်ရောက်ကြကြောင်း သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)