ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ ၈ ဧပြီ

 

ရခိုင်ပြည်နယ် Coronavirus Disease–2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၁ နာရီ က ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် Coronavirus Disease – 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကိုဗစ်-၁၉နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင်လည်း လုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ယခုကော်မတီကို ဖွဲ့စည်းပြီး လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ဗဟိုက သတ်မှတ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ လက်ရှိလုပ်ငန်းများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်လိုကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များကို ရှင်းလင်းသည့်အခါလည်း ဝိုင်းဝန်းကာစေတနာထားပြီး ဆွေးနွေးပေးကြစေလို ကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်ပမှ နေရပ်ပြန်လည်ရောက်ရှိလာသူများကို သိရှိထားသူများရှိသလို မသိရှိသူများလည်း ရှိနေကြောင်း၊ လက်ရှိအခြေအနေတွင် သိရှိသူများကို ညွှန်ကြားချက်နှင့်အညီ ထိန်းသိမ်း စောင့်ရှောက်မှုများပြုလုပ်ပြီး ကာကွယ်ရေး၊ ကုသရေးများကအစ ဆောင်ရွက်ပေးထားနိုင်သော်လည်း မသိရှိဘဲ ဝင်ရောက်လာသူများ ကျေးရွာများတွင် ပျံ့နှံ့ပြီး ရှိနိုင်ပါကြောင်း။


ထိုကိစ္စများကိုလည်း မည်သို့စီစဉ်မည်၊ ဖြစ်လာလျှင် မည်သို့ကာကွယ်တုံ့ပြန်သွားမည်ကို ဆွေးနွေးပေးကြစေ လိုကြောင်း၊ ကိုဗစ်-၁၉နှင့် ပတ်သက်၍ လတ်တလော ဆောင်ရွက်နေကြရာတွင် ကော်မတီအနေဖြင့် ဆောင်ရွက် ရသည်များရှိသလို လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆောင်ရွက်နေရသည်များရှိသည့် အတွက် လိုအပ်သည့်ပစ္စည်းများနှင့် ဘဏ္ဍာရေးအခြေအနေများကိုလည်း ဆွေးနွေးပေးစေလိုကြောင်းနှင့် ယနေ့ ကော်မတီမှ လုပ်ဆောင်ရာတွင် စနစ်တကျဖြစ်စေရန်အတွက် အကြံပြုဆွေးနွေးချက်များကိုလည်း ရှေ့လုပ်မည့် လုပ်ငန်းစီမံချက် တစ်ခု ရေးဆွဲကာ စီမံချက်ထဲတွင် လတ်တလောလုပ်ဆောင်မည့်အရာ၊ ရေရှည်တွင် လုပ်ဆောင်မည့်အရာ၊ လိုအပ်ချက်၊ ညွှန်ကြားရန် လိုအပ်ချက်နှင့် ဗဟိုနှင့်ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ချက်များကို ထည့်သွင်းရေးဆွဲသွားရန် လိုကြောင်းပြောကြား သည်။


ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား လည်းကောင်း၊ ရခိုင်ပြည်နယ် Coro-navirus Disease–2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း က ကော်မတီ၏ လုပ်ငန်းတာဝန်များအား လည်းကောင်း ရှင်းလင်း တင်ပြကြသည်။


ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ ဆက်လက်ဖွဲ့စည်းနိုင်ရေးနှင့် ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များအပေါ် ဖြည့်စွက်အကြံပြုဆွေးနွေးကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)