ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် အာဆီယံ ကျန်းမာရေးဝန်ကြီးများနှင့် အာဆီယံအပေါင်း(၃) ကျန်းမာရေးဝန်ကြီးများ၏   ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး Special Video Conference တွင် ပါဝင်ဆွေးနွေး

နေပြည်တော်  ၈  ဧပြီ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ဧပြီ ၇ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပသော  အာဆီယံကျန်းမာရေးဝန်ကြီးများ၏ ကိုဗစ်-၁၉ တုံ့ပြန်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး Special Video Conference နှင့် မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပသော အာဆီယံအပေါင်း(၃) ကျန်းမာရေး ဝန်ကြီးများ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး Special Video Conference များကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  အရေးပေါ်တုံ့ပြန်ရေးဌာနမှ ပါဝင်တက်ရောက်သည်။

ယင်းသို့ တွေ့ဆုံရာတွင် အာဆီယံကျန်းမာရေးဝန်ကြီးများ၏ ကိုဗစ်-၁၉ တုံ့ပြန်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး Special Video Conference အတွက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး (ASEAN Health Ministers Meeting) ၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံမှ ဦးဆောင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နှစ်ဘက်ကိုယ်စားလှယ်များမှ သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကျန်းမာရေးဆိုင်ရာပညာရှင်များ စွမ်းရည်မြှင့်တင်ရေးအတွက် သင်တန်းများနှင့် ပညာသင် လဲလှယ်ရေး အစီအစဉ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ၊ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် State of Art Hospital အဖြစ် နေပြည်တော်တွင် ဆေးရုံကြီး တစ်ခု တည်ဆောက်ရေးအစီအစဉ်၊ ကျန်းမာရေးသတင်း အချက်အလက်ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ မရှိမဖြစ် လိုအပ်သောဆေးဝါးများ ဝယ်ယူရာတွင် ကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်းများ၊ ဆေးဝါး၊ ဆေးပစ္စည်း ကိရိယာနှင့် အလှကုန်များ ကွပ်ကဲရေးလုပ်ငန်းစဉ်များနှင့် အဆိုပါပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါ Special Video Conference တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်