ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မည်ကို ပြည်သူများ စိုးရိမ်ပူပန်စရာမလို၊ ယခင်ဈေးနှုန်းထက် ဈေးလျှော့ရောင်းချပေးလျက်ရှိ

ရန်ကုန် ၃ ဧပြီ

 

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မည်ကို ပြည်သူများစိုးရိမ် ပူပန်စရာမလိုကြောင်း၊ ယခင်ရောင်းချနေသည့် ဈေးနှုန်းထက် ဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

fish12

 

“စားသုံးသူတွေကို ပြောချင်တာက ဆန်၊ ဆီ စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပစ္စည်းပြတ်လပ်မှာတို့ ဈေးကြီးမှာတို့ စိတ်ပူဖို့မလိုသလို ငါး၊ ပုစွန်၊ ငပိ၊ ငါးခြောက် စတဲ့ ရေထွက်ပစ္စည်းတွေအတွက်လည်း စိတ်မပူပါနဲ့၊ ပြည်တွင်းစားသုံးဖို့ အလုံအလောက်ရှိပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူးဦးဝင်းကြိုင်က ပြောသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်တွေ့ရှိပြီးနောက်ပိုင်း ပြည်သူများ စိုးရိမ်စိတ်မြင့်တက်ကာ အခြေခံစားသောက်ကုန်များ အလုအယက်ဝယ်ယူကြသည့်အတွက် ဈေးကွက်အတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကြိုးပမ်းလျက်ရှိသည့်အပြင်    အခြေခံစားသောက်ကုန်များနှင့် ပတ်သက်၍ ပြည်သူများ စိတ်ပူပန်မှုမရှိရန်နှင့် ပစ္စည်းအလုံအလောက်ရှိကြောင်းကိုလည်း အသိပေး ကြေညာချက်များ  ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

“ပြည်ပကို ငါးတင်ပို့မှုက ၈၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်။ ပြည်တွင်းမှာလည်း လူစုလူဝေးနဲ့လုပ်တဲ့ ပွဲတော်တွေ ရပ်သွားတယ်။ စားသောက်ဆိုင်တွေလည်း ပိတ်လိုက်တော့ ပြည်တွင်းငါးစားသုံးမှုက လျော့သွားတယ်။ လက်ကားဈေးကြီးတွေမှာ ငါးဈေးတွေကျသွားတယ်။ ငါးကိုကုန်အောင်တောင် လျှော့ဈေးနဲ့ မနည်းရောင်းနေရတယ်။ ဒါ့ကြောင့် ဈေးနှုန်းမြင့်တက်မှု မရှိနိုင်ပါဘူး” ဟု အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

 

ငါး၊ ပုစွန် အစရှိသည့် ရေထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် ပြည်ပတင်ပို့နိုင်ရန် အင်း၊ အိုင်၊ မြစ်၊ ချောင်းများမှ ဖမ်းဆီးထုတ်လုပ်ခြင်း၊ ပင်လယ် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းဆီးခြင်းနှင့် မွေးမြူရေးမှထုတ်လုပ်ခြင်း စသည့် နည်းလမ်း သုံးမျိုးဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ငါး၊ ပုစွန် မွေးမြူရေးဧကပေါင်း ၅ သိန်းခန့်ရှိပြီး အဆိုပါ မွေးမြူရေးကန်များမှ ထွက်ရှိလာသည့် ရေချိုငါးများကို နေ့စဉ်ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးသို့ ပိဿာချိန်သုံးသိန်းခွဲခန့်၊ ရွှေပိတောက် ငါးဈေးသို့ ပိဿာချိန် ငါးသောင်းခန့်၊ လှိုင်သာယာမြို့နယ် ငွေပင်လယ်ဇုန်ရှိ ငါးဈေးသို့ ပိဿာချိန်ငါးသောင်းခန့်၊ ပြည်ပ Export တင်ပို့ရန် စက်ရုံများသို့ ပိဿာချိန် သုံးသောင်းခန့်နှင့် ဒေသအသီးသီးရှိ ဈေးများသို့ ပိဿာချိန် တစ်သိန်းခုနစ်သောင်းခန့်၊ စုစုပေါင်းငါးပိဿာချိန် ၆ သိန်းခွဲခန့်ကို ပုံမှန်ရောင်းချနေရာမှ ကိုဗစ်-၁၉ ဖြစ်ပေါ်ပြီး နောက်ပိုင်း ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ ဈေးများသို့ ပိဿာချိန် နှစ်သိန်းခွဲခန့်သာ တင်ပို့ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)