ပြင်သစ်နိုင်ငံနှင့် ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန်ဆန္ဒရှိကြောင်း ရှီကျင့်ဖျင် ပြောကြား

ပေကျင်း ၂၀ ဖေဖော်ဝါရီ 

တရုတ်နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပူးတွဲအကာအကွယ်ပေးရေး အပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပြင်သစ်နိုင်ငံနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန်ဆန္ဒရှိနေကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြင်သစ်သမ္မတမက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ၌ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကပ်ရောဂါအား ဆန့်ကျင်တိုက်ဖျက် ရာတွင် စာနာနားလည်မှုနှင့် အထောက်အပံ့ပေးမှုများ ထပ်မံပေးစွမ်းရန် ပြင်သစ်သမ္မတ မက်ခရွန်၏ ကမ်းလှမ်း ခဲ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြောင်းကိစ္စများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံတွင် အားကောင်းသည့် စည်းရုံး နိုင်စွမ်း၊ ပြီးပြည့်စုံသည့်အစွမ်းသတ္တိနှင့် အတွေ့အကြုံများ ရှိခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်မှုတွင် အောင်မြင် မှုရရှိမည်ဟု အတိအကျပြောနိုင်ပါကြောင်း သမ္မတရှီကျင့်ဖျင် က ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ သက်ရောက်မှုသည် ယာယီသာဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင်များကို အောင်မြင် မှုရရှိရန် စွမ်းဆောင်နိုင်စွမ်းရှိသေးကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

လိုအပ်သည့်အချိန်တွင် အကူအညီပေးသည့် မိတ်ဆွေ သည် အမှန်တကယ်မိတ်ဆွေဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့် တရုတ်ပြည်သူများ၏ အသက်နှင့် ကျန်းမာရေး သာမက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ကို အလေးအနက်ထားသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆောင်ရွက်ချက်တိုင်းကို အကာအကွယ် ပေးထားပါကြောင်းလည်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ကျန်းမာရေး ဆိုင်ရာ အထောက်အပံ့များ ဆက်လက်ပေးခဲ့ပါကြောင်းနှင့် အထောက်အပံ့ အများအပြားပေးစွမ်းရန်လည်း အသင့်ရှိပါ ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင် တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်း တစ်ရပ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ပူးပေါင်းတိုက်ဖျက် လျက်ရှိပါကြောင်း မက်ခရွန်က ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်