ရန်ကုန်တိုင်းဒေသကြီးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသည့် လူနာမရှိလူနာတွေ့ရှိပါက အချိန်မီကုသနိုင်ရန် ဝေဘာဂီဆေးရုံကြီးတွင် ပြင်ဆင်မှုများပြုလုပ်ထားရှိ

ရန်ကုန် ၂၆ ဇန်နဝါရီ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသည့် လူနာမတွေ့ရှိသေးကြောင်းနှင့် ရောဂါဖြစ်ပွားသည့် လူနာတွေ့ရှိပါက အချိန်မီကုသနိုင်ရန် မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားတဲ့ လူနာမရှိသေးပါဘူး။ သံသယလူနာတောင်မရှိပါဘူး။ လူနာရှိရင်လည်း ကုသပေးဖို့ ဝေဘာဂီဆေးရုံမှာလည်း ပြင်ဆင်ထားပြီး ဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသည့် လူနာ(သို့မဟုတ်) သံသယဖြစ်ဖွယ်လူနာ ရောက်ရှိလာပါက ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ အချိန်မီသတင်းပို့ရန်နှင့် ဝေဘာဂီဆေးရုံကြီးသို့ အမြန်ဆုံးပို့ဆောင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

“ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်တဲ့ လူနာရောက်လာရင် ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ သတင်းပေးပို့ရမလဲဆိုတာ၊ ရောဂါရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကအစ ဘယ်လိုလူနာတွေ လွှဲရမလဲဆိုတာကိုလည်း ညွှန်ကြားပြီးဖြစ်ပါတယ်”ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

မြန်မာနိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဝင်ရောက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးများ၊ ပင်လယ်ဆိပ်ကမ်းကြီးများနှင့် နယ်စပ်ဝင်/ ထွက်ပေါက်များအပြင် အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဝင်/ ထွက်ပေါက်များတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက် ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်အားလုံးကိုလည်း စောင့်ကြပ်ကြည့်ရှုစစ်ဆေးဖို့ ပြင်ဆင်ထားပါတယ်။ သံသယရှိတဲ့လူနာ တွေ့ရင်လည်း အများပြည်သူသွားလာနေတဲ့ နေရာကမဖြတ်ဘဲ လူနာတင် ကားဆီသွားနိုင်ဖို့၊ လေဆိပ်မှာ သံသယလူနာတွေ့ရှိရင် ခေတ္တခဏထားဖို့ အခန်းတွေလည်း စီစဉ်ထားပါတယ်။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကိုလည်း ပြင်ဆင်ထားပြီးဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ဝူဟန်မှ ရန်ကုန်နှင့် မန္တလေးသို့ ပျံသန်း ပြေးဆွဲနေသည့် China Eastern လေကြောင်းလိုင်းအား ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ ခရီးစဉ်ပြေးဆွဲနေမှုကို ယာယီရပ်နားထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်းလည်း သိရသည်။

အဆိုပါနိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အမျိုးအစားအပေါ် မူတည်ပြီး သာမန်အအေးမိခြင်းမှသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ကျပ်ခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားလေ့ရှိပြီး ရောဂါပြင်းထန်သောလူနာများတွင် အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ထံမှ သိရသည်။

“နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ တိရစ္ဆာန်တွေမှာ အဓိကကူးစက် ပြန့်ပွားလေ့ရှိကြပြီး လူမှတစ်ဆင့် လူကို ကူးစက်နိုင်မှုနည်းပါးသော်လည်း တချို့နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ လူမှတစ်ဆင့်လူကို ကူးစက်နိုင်ပါ တယ်။ များသောအားဖြင့် ရောဂါပိုးကူးစက်ခံရသူနဲ့ အနီးကပ်နေထိုင်သူတွေဖြစ်တဲ့ အတူနေမိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထုတ်ပြန်လျက်ရှိသည့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်၊ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရန်နှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာသံရုံးသို့ လိုအပ်သည့်အကူအညီများ တောင်းခံနိုင်ကြောင်း ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၂၃ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ 

မင်းသစ်(MNA)