နေပြည်တော် ၆ နိုင်ဝင်ဘာ
အမေရိကန်နိုင်ငံ Getty Conservation Institute မှ မြင်းပြဂူဘုရား ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းစတင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုဂံမြို့ဟောင်းရှိ မြင်းပြဂူဘုရား၌ ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့က အမှာစကားပြောကြားကြပြီး Getty Conservation Institute မှ Director Mr. Tim Whalen John က ဆောင်ရွက်သွားမည့် လုပ်ငန်းများစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုဂံဒေသရှေးဟောင်းအဆောက်အအုံများ ပြန်လည်မွမ်းမံခြင်းနှင့် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုင်ရာ ပုဂံနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ပုဂံမြို့ရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဂျာမနီ၊ ကိုရီးယားနှင့် အိန္ဒိယတို့မှ သံအမတ်များနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) တာဝန်ခံတို့က အမှာစကားပြောကြားကြပြီး Korea Cultural Heritage Foundation မှ ထုတ်ဝေထားသည့် စာအုပ်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ငလျင်အလွန် မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအစီရင်ခံစာများကို မြန်မာနိုင်ငံဗိသုကာအသင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ Technical Expert Team(TET), Technical Support Team (TST)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျာမနီနိုင်ငံမှ Cologne Institute of Conservation Science ၊ ကိုရီးယားနိုင်ငံမှ Korea Cultural Heritage Foundation(KCHF)၊ အမေရိကန်နိုင်ငံ အခြေစိုက် Getty Conservation Institute (GCI)၊ SEAMEO SPAFA နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး Expert Technical Advisory Group မှ Mr. Rodolfo Lujan နှင့် Mr. Aurn Menon တို့ဦးဆောင်သည့် ပြည်ပပညာရှင်များက ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် အကြံပြုဆွေးနွေးကြသည်။
ဖေလိန်း(ပုဂံ)