သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင်လည်း  နေပြည်တော်ရှိ အပန်းဖြေနေရာများတွင် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော်  ၁၄  အောက်တိုဘာ

 

ယနေ့သည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ဖြစ်သော်လည်း အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) နှင့် လှေခွင်းတောင် ရေဆိပ်တို့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာ အပန်းဖြေကြသူများဖြင့် စည်ကား များပြားလျက်ရှိသည်ကို တွေ့ရသည်။

 

1

 

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)မှ ဓာတ်ပုံဆရာ ကိုမင်းအောင်က “ကျွန်တော် တိုင်းရင်းသား ကျေးရွာမှာ ဓာတ်ပုံလုပ်ငန်း ဆောင်ရွက်တာ ၈ နှစ်ရှိပါပြီ။ ဒီလို ရုံးပိတ်ရက်တွေမှာဆိုရင် အမှတ်တရ ဓာတ်ပုံ ရိုက်ကြတဲ့ ခရီးသွားဧည့်တွေများပါတယ်။ အရင်လိုတော့ သိပ်မရိုက်ရတော့ပါဘူး။ လာလည်ကြသူတွေမှာ ကိုယ်ပိုင်ဖုန်းတွေပါတော့ ဖုန်းနဲ့ရိုက်ကြတာ များပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်တဲ့သူ အများစုကတော့ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ရိုက်ကူးကြပါတယ်။ ဒီလို ရုံးပိတ်ရက်တွေမှာဆိုရင် နေပြည်တော်ဝန်းကျင် တင်မကဘဲ အနယ်နယ်အရပ်ရပ်ကနေ လာရောက်လည်ပတ်ကြတဲ့ သူတွေရှိပါတယ်။ မိသားစုလိုက် လာရောက် အပန်းဖြေကြတဲ့ သူတွေများပါတယ်” ဟု ပြောသည်။

 

အုတ်တွင်းမြို့နယ်မှ ဒေါ်စန်းမြင့်က “ကျွန်မ အသက်က ၇၁ နှစ်ရှိပါပြီ။ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို လာလည်တာ ၂ ကြိမ်ရှိပါပြီ။ အခုလာတဲ့အထဲမှာ သားသမီး၊ မြေး၊ မြစ်တွေအပြင် ညီမတွေလည်းပါလို့၊ မိသားစုစုံလို့ အရင်တစ်ခေါက်ထက် ပိုပျော်ရွှင်ရပါတယ်။ နံနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ ဘုရားတွေ အစုံလိုက်ဖူးပြီးပါပြီ။ အခု နေ့လယ်ပိုင်းမှာ အရိပ်အာဝါသကောင်းတဲ့ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို လာရောက်အပန်းဖြေတာပါ။ ကျန်းမာရေး ကောင်းနေသမျှ နေပြည်တော်ကို လာရောက် အပန်းဖြေနေဦးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

1

 

လယ်ဝေးမြို့နယ် သဲကောကြီးကျေးရွာမှ ဆယ်တန်းကျောင်းသူ မသရဖီစိုးက “ဒီအမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ ပထမဦးဆုံး အခေါက်ပါ။ အခုကျောင်းတွေပိတ်လို့ နေပြည်တော်မှာ လေ့လာဖို့အတွက် အမေက လိုက်ပို့တာပါ။ ဒီရောက်တော့ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်လို့ရလို့ ပျော်ပါတယ်။ ဗဟုသုတနဲ့ အတွေးအခေါ်အသစ်တွေရလို့ ပျော်ရွှင်မိပါတယ်။ လာရောက်လေ့လာသူတွေနဲ့ စည်စည်ကားကား ရှိနေတာကို တွေ့ရပါတယ်။ နောင်မှာလည်း သူငယ်ချင်းကိုခေါ်ပြီး ထပ်လာလည်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

 

ဇေယျာသီရိမြို့နယ်မှ ကျောင်းဆရာမ ဒေါ်ခင်မီမီသိမ့်က “ကျွန်မအနေနဲ့ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို ကျောင်းသား၊ ကျောင်းသူတွေ လေ့လာလို့ရအောင် ဦးဆောင်ပြီး ခေါ်လာတာ ဖြစ်ပါတယ်။ ဒီမှာ တိုင်းရင်းသား လူမျိုးတွေရဲ့ ရိုးရာ၊ ဓလေ့၊ နေထိုင်ပုံတွေကို ကျောင်းသူ ကျောင်းသားတွေက တွေ့မြင်ပြီး သဘောကျနေကြပါတယ်။ ဒီလိုလေ့လာခြင်းအားဖြင့် သူတို့တွေအတွက် ဗဟုသုတတွေ အများကြီးရမှာ ဖြစ်ပါတယ်။ နောက်ထပ် ကျောင်းသား တွေကို ဦးဆောင်ပြီး ခေါ်လာဖို့ အစီအစဉ်တွေ ရှိပါတယ်” ဟု ပြောသည်။

 

1

 

ယခုကဲ့သို့ ရုံးပိတ်ရက်ရှည် ကာလများတွင် ယခင်ရက်များထက် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသူများ များပြားလျက်ရှိပြီး ဥယျာဉ်အတွင်းသို့ လှည့်လည်လေ့လာ ရာတွင် ခြေလျင်ဖြင့် လှည့်လည်လေ့လာ ကြသူများရှိသကဲ့သို့ ကားများဖြင့် လှည့်လည်ကြည့်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားသည်ကိုလည်း တွေ့ရသည်။

 

အလားတူ နေပြည်တော် လှေခွင်းတောင် ရေဆိပ်တွင်လည်း အပန်းဖြေအနားယူ ရေကူးကြသူများဖြင့် စည်းကား လျက်ရှိရာ နှင်းကောင်းကျော် စားသောက်ဆိုင်ပိုင်ရှင် ကိုဖိုးထူးကျော်က “ဒီသီတင်းကျွတ်ကာလမှာ ပုံမှန်ရက်တွေ ထက်ပိုပြီး ဈေးရောင်းကောင်းပါတယ်။ နယ်ကလာရောက်သူတွေ ပိုများတာကို တွေ့ရပါတယ်။ နေပြည်တော်က ရုံးဝန်ထမ်းတွေနဲ့ အနီးပတ်ဝန်းကျင်မြို့နယ်တွေက လူတွေလည်း လာရောက်ကြလို့ ဒီမှာပိုစည်ကားပြီး ဈေးပိုရောင်း ကောင်းပါတယ်” ဟု ပြောသည်။

 

1

 

“ကျွန်တော့်အနေနဲ့ လှေခွင်းတောင်ကို ပထမဦးဆုံး ရောက်ဖူးတာဖြစ်ပါတယ်။ ကျွန်တော်တို့က အဖွဲ့လိုက် လာတာပါ။ နေပြည်တော်က တစ်ခြားနေရာတွေလည်း ရောက်ပြီးပါပြီ။ အခု နေ့လယ်ပိုင်းမှာ ဒီကို အနားယူဖို့ လာတာဖြစ်ပါတယ်။ ကျွန်တော် ရေမကူးတတ်ပေမယ့် သူများတွေရေကူးတာမြင်တော့ အားကျမိပါတယ်။ ဒီမှာ အေးအေးဆေးဆေး အနားယူစားသောက်ပြီးမှ ပြန်ကြမှာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့မှ ဦးတင်လှက ပြောသည်။

 

ဆွာမြို့နေ ဦးလှဦးကလည်း “ကျွန်တော် ဒီကို ခဏခဏ ရောက်ဖြစ်ပါတယ်။ ကားလိုက်မောင်းပို့ရင်းနဲ့ ရောက်တာ ရှိသလို၊ မိသားစုနဲ့ လာရောက်အပန်းဖြေတာလည်း ရှိပါတယ်။ ကျွန်တော်တို့လို နေပြည်တော်နဲ့ ပတ်ဝန်းကျင်မြို့တွေမှာ နေထိုင်သူတွေအနေနဲ့ ချောင်းသာတို့ ငွေဆောင်တို့ သွားတာထက်စာရင် လှေခွင်းတောင်ကိုလာရတာ ကုန်ကျစရိတ်ပိုမို သက်သာပါတယ်။ ဒီကိုလာရင်းနဲ့လည်း တစ်ဆက်တည်း ဒီက ဘုရားတွေပါ တစ်ခါတည်းဖူးလို့ ရပါတယ်။ ဒါကြောင့် တစ်ခြားသူတွေကိုလည်း နေပြည်တော်ကို လာရောက်လည်ပတ်ဖို့၊ အပန်းဖြေဖို့ ဖိတ်ခေါ်ပါ တယ်” ဟု ပြောသည်။

 

အလားတူ နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ငလိုက် ဆင်စခန်းတို့တွင်လည်း ပုံမှန်ရက်များထက် လာရောက်လေ့လာ အပန်းဖြေအနားယူ ကြသူများဖြင့် ပိုမိုစည်ကားလျက်ရှိသည်။

 

ထို့ပြင် နေပြည်တော် ရေပန်းဥယျာဉ်တွင် နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သာမက ညပိုင်းအထိပါ လာရောက်လည်ပတ် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

 

သတင်း-မျိုးမြင့်

ဓာတ်ပုံ၊ အေးသန်း၊ ထန်းဖုန်