ညောင်ဦးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံကိန်းဝင်ကျေးရွာ ရွေးချယ်ပွဲကျင်းပ

ညောင်ဦး  ၉ အောက်တိုဘာ

           

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာ စီစစ်ရွေးချယ်ပွဲကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ စီစစ်ရွေးချယ်ပွဲတွင် ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က စီမံကိန်းဝင်ကျေးရွာများ ရွေးချယ်ရာတွင် အမှန်တကယ် ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာများကို စီစစ်ရွေးချယ်ဆောင်ရွက်ကြရန်နှင့် စီမံကိန်းလုပ်ငန်းများ ရေရှည်အောင်မြင်အကျိုးဖြစ်ထွန်းမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

           

ထို့နောက် ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေနှင့် မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းတို့က ဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ညောင်ဦးမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ ၂ ရွာ စီစစ်ရွေးချယ်ဆောင်ရွက်ရန် ခွင့်ပြုလာမှုအပေါ် ချပြရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်မြစိမ်းရောင် စီမံကိန်းကျေးရွာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များက ရွေးချယ်ထားသည့် စီမံကိန်းဝင်ကျေးရွာများနှင့် ပတ်သက်ပြီး စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

           

ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာများမှ ကျေးလက်နေပြည်သူများကို မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်၊ ကျေးလက်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ညောင်ဦးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာပေါင်း ၃၁ ရွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂)ရွာအား ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

1