နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသားနှင့်တိုင်းဒေသကြီး)၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံစဉ် လမ်းညွှန်အမှာစကား ပြောကြား

မန္တလေး ၂  သြဂုတ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသားနှင့်တိုင်းဒေသကြီး)၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား မန္တလေးကွန်ဗင်းရှင်းစင်တာ၌ တွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သူရဦးအောင်ကို၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားပါကြောင်း၊ နိုင်ငံသူနိုင်ငံသား အားလုံးက ဒီမိုကရေစီကို ပြင်းပြင်းပြပြ လိုလားကြပါကြောင်း၊ ထို့အတူ တိုင်းရင်းသား လူမျိုးစုအားလုံးကလည်း ဖက်ဒရယ်စနစ်ကို တည်ထောင်ချင်ကြပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ထောင်မည်ဆိုသည့် မူဝါဒကို ချမှတ်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းသန္နိဋ္ဌာန် အောင်မြင်ရန်အတွက် မိမိတို့အားလုံး တက်ညီလက်ညီ၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ်တွင် နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားလူမျိုးများအားလုံး၏ လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုနှင့် ဘဝအာမခံမှုများ ရှိပါကြောင်း၊ ထို့ပြင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရားများလည်း ထွန်းကားပါကြောင်း၊ ယင်းသည် ဒီမိုကရေစီ နိုင်ငံများ၏ အလေ့အကျင့်များ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးများအားလုံး စုပေါင်းထားသည့် နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ စုပေါင်းပါဝင်သဖြင့် ပြည်ထောင်စုဟု ပြောရပါကြောင်း၊ ပြည်ထောင်စုဟု ပြောမည်ဆိုပါက ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်နိုင်ငံတွင် နိုင်ငံ၏အချုပ်အခြာအာဏာသည် တိုင်းဒေသကြီး၊ ပြည်နယ်များအထိ ဖြန့်ခွဲသွားပြီး တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံများ တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်ရန် ပြုစုပျိုးထောင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှခွင့်၊ သာတူညီမျှခွင့် စသည့်အခွင့်အရေးများ ရရှိကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရမည်ဆိုသည့် မူကိုကိုင်စွဲထားပါကြောင်း။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာတွင် မိမိတို့ လိုလားသည့် အုပ်ချုပ်ရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တရားမျှတမှုရှိသည့် အုပ်ချုပ်ရေးဖြစ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံး အခွင့်အလမ်း၊ အဆင့်အတန်းနှင့် တရားဥပဒေအရာတွင် ညီမျှမှုရှိရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုပါကြောင်း၊ ပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ်သည့် အုပ်ချုပ်ရေး မဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထု၏ ဘဝလုံခြုံမှုနှင့် ပျော်ရွှင်မှုကိုပေးနိုင်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်စေလိုပါကြောင်း။

ဒီမိုကရေစီတွင် ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဖြစ်သည့်အတွက် ပြည်သူကို ဗဟိုပြုရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူနှင့်ဆက်ဆံသည့်အခါ ပြည်သူကို အလုပ်အကျွေးပြုသည့် သဘောမျိုးဖြင့် ဆက်ဆံစေလိုပါကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပြည်သူက မိမိတို့ကို လုပ်ပိုင်ခွင့်ပေးထားခြင်းသာဖြစ်ပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးသည့်အခါတွင် တာဝန်ကျေစေလိုပါကြောင်း၊ ပြည်သူကို အလုပ်အကျွေး ပြုသည့်အခါတွင် လေးလေးစားစား ရှိရန်လိုပါကြောင်း၊ အချုပ်အခြာအာဏာသည် ပြည်သူ့ထံတွင် ရှိသည်ဆိုသည့် ပန်းတိုင်ရောက်အောင် မိမိတို့ ဆက်လက် သွားကြရမည်ဖြစ်ပါကြောင်း။

ဥပဒေပြုရေးမဏ္ဍိုင်တွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ ရှိပါကြောင်း၊ ဥပဒေများသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုး ရှိ၊ မရှိ၊ ဒေသ၏ အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိ ကို လေ့လာသုံးသပ်ကြရန် လိုပါကြောင်း၊ မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်အတွက် ဥပဒေတစ်ခုပြုမည်ဆိုပါက မိမိတို့၏ ဥပဒေပြုခွင့်ဘောင်အတွင်း ဝင်၊ မဝင် ဂရုစိုက်ကြရန်လိုပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်၍ မရပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် အခြေခံဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ လုပ်ပိုင်ခွင့်များ၊ ဥပဒေ၊ နည်းဥပဒေများကိုလည်း ကျေကျေညက်ညက် သိရှိနားလည်ထားကြရမည်ဖြစ်ပါကြောင်း။ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိအောင် ဥပဒေပြုရေးမဏ္ဍိုင်က ထိန်းကျောင်းရန်လည်း လိုအပ်ပါကြောင်း။

အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပေဒပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်း၍ ယှဉ်တွဲညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ ငြိမ်းချမ်းသာယာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့တွင် မဏ္ဍိုင်တစ်ခုက တစ်ခုကို ဝင်ရောက်စွက်ဖက်ခြင်းသည် ဒီမိုကရေစီကျင့်စဉ် မဟုတ်ပါကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြုံတောင့်ကြုံခဲ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခွင့်ရသည့် ကာလတွင် အဆိုပါမဏ္ဍိုင်ကြီးသုံးရပ်မှ ပုဂ္ဂိုလ်များအပြင် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များကလည်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်လို သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန်လိုကြောင်း။

တရားစီရင်ရေးမဏ္ဍိုင်သည်လည်း ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး ဖြစ်စေလိုပါကြောင်း၊ တရားစီရင်ရေးတွင် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ တည်ဆဲဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ စသည့်တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဘက်မလိုက်သည့် တရားစီရင်ရေးတွင် အခြေခံမူများရှိပါကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံး ဥပဒေနှင့်အညီဖြစ်ရန် လိုအပ်ပါကြောင်း၊ မည်သူမျှရာထူးဌာန၊ ဆင်းရဲချမ်းသာ၊ ငွေကြေးဓနဥစ္စာ၊ လူတန်းစားခွဲခြားမှု မရှိစေဘဲ ဥပဒေရှေ့မှောက်တွင် အညီအမျှ ဖြစ်စေရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိစေရန်နှင့် ဥပဒေအထက်တွင် မည်သူမျှမရှိစေရန် လိုအပ်ကြောင်း။

တရားမျှတမှုသည် နိုင်ငံသူနိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါကြောင်း၊ တရားမျှတမှုရှိစေရန် ဆောင်ရွက်ပေးနိုင်ပါက ဒီမိုကရေစီစနစ် ခိုင်မာလာမည်ဖြစ်ပါကြောင်း၊ တရားမျှတသည့် လူအဖွဲ့အစည်းဖြစ်စေရေး တည်ဆောက်ကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်က စ၍ပြောင်းလဲရန် လိုအပ်ပြီး ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းအားလုံး မိမိတို့၏ အတွေးအခေါ် အလေ့အထများပါ ပြောင်းလဲရန်လိုအပ်ပါကြောင်း။

ပြောင်းလဲမှုသည် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုနှင့် ဆက်စပ်နေပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာ မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် မိတ်ကောင်း ဆွေကောင်း ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ခြိမ်းခြောက်မှုမဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသူနိုင်ငံသားများ၏ သားစဉ်မြေးဆက် ငြိမ်းချမ်းသာယာဝပြောစေရေးအတွက် အခွင့်အခါကောင်းဖြစ်ပါကြောင်း။

ပြည်သူနှင့်ဆက်ဆံသည့်အခါ ပြည်သူကို မျက်နှာမူရသည့် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးအနေဖြင့် ပြည်သူကိုဗဟိုပြုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံရန်၊ ချိုချိုသာသာပြောဆိုရန်၊ ပြည်သူကို ပြည်သူလို ဆက်ဆံကြရန်၊ မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် လူ့ဂုဏ်သိက္ခာဖြစ်ပါကြောင်း၊ လူတစ်ယောက်၏ တန်ဖိုးဆိုသည်မှာ မိမိဖြတ်သန်းလာသည့် ခေတ်ကာလအခြေအနေ၏ သမိုင်းပေးတာဝန် မည်မျှကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ဆိုသည်ကို နောင်မျိုးဆက်များက ဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ကြွရောက်လာကြသည့် အရာထမ်း၊ အမှုထမ်း တာဝန်ရှိသူများကလည်း လက်အောက်အဆင့်ဆင့်သို့ လမ်းညွှန်ချပြပြီး တည့်မတ်ပေးစေလိုပါကြောင်း၊ ယင်းကိစ္စကို မြန်မြန်ဆန်ဆန် ဆောင်ရွက်စေလိုပါကြာင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူကို ငဲ့ညှာထောက်ထားပြီး အလုပ်အကျွေးပြုရန် အလေးအနက်မှာကြားလိုပါကြောင်းနှင့် ပြည်သူ၏ အခက်အခဲကို ဦးစားပေး ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု၊ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဥပဒေပြုရေးနှင့် လွှတ်တော်ရေးရာ လုပ်ငန်းစဉ်များ ဆောင်ရွက်မှုကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းက တရားလွှတ်တော်ရေးရာ လုပ်ငန်းများနှင့် တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက တရားရုံးများအနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်၍ လူ့အခွင့်အရေးကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရဲအချုပ်၊ တရားရုံးအချုပ်၊ ရဲဘက်စခန်းနှင့် အကျဉ်းစခန်းများကို ကြည့်ရှုစစ်ဆေးပေးစေလိုပါကြောင်း၊ အမှုများကို မှန်မှန်နှင့်မြန်မြန် စစ်ဆေးပေးရန်လိုအပ်ပါကြောင်း၊ သက်သေစရိတ်များအား နိုင်ငံတော်မှ ကျခံပေးထားသည်ဖြစ်၍ မှန်မှန်ကန်ကန် ပေးစေလိုပါကြောင်း၊ ဘဏ္ဍာသိမ်း သက်သေခံပစ္စည်းများကိုလည်း နိုင်ငံတော်၏ ဘဏ္ဍာငွေဆုံးရှုံးမှု မရှိစေရေးအတွက် လျင်မြန်စွာ စီမံခန့်ခွဲစေလိုပါကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များတွင် အဆိုများတင်သွင်းသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွက် အကျိုးရှိ၊ မရှိ စဉ်းစားသုံးသပ်ရန် လိုအပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကလည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားသုံးသပ်၍ အမှန်တကယ် လုပ်ဆောင်ပေးနိုင်မှသာ ကတိပြုရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း မှန်ကန်ရန်လိုအပ်ပါကြောင်း၊ မြေယာကိစ္စရပ်များတွင် ဌာနဆိုင်ရာများအနေဖြင့် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက် ပေးရန်နှင့် ပြန်လည်စွန့်လွှတ်မြေများကို မူလပိုင်ရှင်မှန်များ ပြန်လည်ရရှိစေရေး နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရသည် မူဝါဒနှင့် လမ်းညွှန်မှုများကိုပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက လုပ်ငန်းများအောင်မြင်အောင်  အဓိက အကောင်အထည်ဖော် စီမံခန့်ခွဲရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများ၏ လုပ်ငန်းဆောင်ရွက်မှု၊ မြန်ဆန်မှု၊ မှန်ကန်မှု၊ ကောင်းမွန်မှုတို့သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေပါကြောင်း၊ နိုင်ငံသားအားလုံးတွင် စွမ်းဆောင်ရည်နှင့် အလှတရားများ ကိုယ်စီရှိပြီး ဖြစ်ပါကြောင်း၊ ယင်းတို့အား တိုင်းပြည်တည်ဆောက်ရေးတွင် အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုစေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

သတင်းစဉ်