မင်းလှ ၂၉ မေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြေခြားကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် မြေသား မိုးရေလှောင်ကန်အား တူးဖော်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြေခြားကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ် ၉ သန်းဖြင့် အလျားပေ ၅၀၊ အနံ ပေ ၅၀၊ အမြင့် ၅ ပေရှိသော မြေသား မိုးရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်းများကို ယခုလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် က ပြောပြသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများအား မေ ၂၇ ရက်က မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ကွင်းဆင်း စစ်ဆေးရာတွင် လုပ်ငန်းအားလုံး ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေကာ မိုးမကျမီလုပ်ငန်း အားလုံးပြီးစီးရေး တွန်းအားပေးဆောင်ရွက် သွားကြရန် မြို့နယ်ဦးစီးမှူးက မှာကြားသည်။
အဆိုပါ မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၃၂၃ အိမ်မှ လူဦးရေ ၁၃၅၁ ဦးတို့၏ သောက်သုံးရေရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)