၁၄ ဧပြီ
ခရမ်းသီးလို့ဆိုရာမှာ ခရမ်းသီး၊ ခရမ်း ခေါင်းသီး၊ ခရမ်းကြွပ်သီး၊ ခရမ်းကစော့သီးနဲ့ ဆင်ခရမ်းသီးရယ်လို့ ခရမ်းသီးနဲ့ဆက်နွှယ်တဲ့ အမျိုးအစားအများအပြားရှိတာကို တွေ့ရပါတယ်။ ခရမ်းသီးမျိုးစိတ်ထဲမှာပဲ ခရမ်းရောင်ရှိတဲ့ ခရမ်းရှည်(Brinjal)နဲ့ အစိမ်းရောင်ထောပတ်ခရမ်းဆိုပြီး ခွဲခြားထားပါသေးတယ်။
ခရမ်းသီးကို ဟင်းလျာအဖြစ်ချက်ပြုတ်ရာမှာ သူ့ချည်းသက်သက်နှပ်စား၊ ကြော်စား၊ မီးဖုတ်ပြီး သုပ်စားကြတဲ့အပြင် အချို့ဒေသတွေမှာ ခရမ်းသီးသနပ်လုပ်စားကြပါတယ်။ အရောအနှောအဖြစ် ချက်ပြုတ်ရာမှာလည်း အသားတစ်မျိုးမျိုးနဲ့ ရောနှောချက်ပြုတ်ကြပြီး ငါးခြောက်ငါးခြမ်းနဲ့ တွဲဖက်ချက်ပြုတ်ရတဲ့သီးစုံဟင်းတွေမှာ ခရမ်းသီးဟာ မပါမဖြစ်တဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီးရဲ့ဂုဏ်ကို ဥတုဘောဇနသင်္ဂဟဆေးကျမ်းမှာ ခရမ်းသီးသည် လေသလိပ်ကိုနိုင်၏၊ သွေးသည်းခြေကို ကြည်လင်စေတတ်၏လို့ ဖော်ပြထားပါတယ်။
ခရမ်းကြွပ်သီးနဲ့ ခရမ်းကစော့ခါးသီးကတော့ ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးတာနည်းပြီး အတို့အမြှုပ်အဖြစ် အကြိုက်များကြပါတယ်။ ခရမ်းသီးမှာ အဓိကပါဝင်တဲ့အာဟာရဓာတ်ကတော့ ရေငွေ့ဓာတ်နဲ့၊ ကစီဓာတ်များဖြစ်ပါတယ်။ ရခိုင်ဘက်မှာချက်လေ့ရှိတဲ့ ခရမ်းသီးဆူးထိုးဟင်းမှာ အသုံးပြုတဲ့ခရမ်းသီးက ဆင်စွယ်ရောင်ခရမ်းကြွပ်သီးလေးတွေ ဖြစ်ပါတယ်။
ဟင်းချက်တော့မယ်ဆိုရင် အဲဒီခရမ်းသီးလေးတွေရဲ့ ပတ်ပတ်လည်ကို အပေါက်ကလေး တွေဖြစ်အောင် ဆူးချွန်တစ်မျိုးမျိုးနဲ့ အနှံ့အပြားဖောက်ပြီး အသီးတွေကို ရေစိမ်ထားပါတယ်။ (ထမင်းစားခက်ရင်းနဲ့လည်း အလွယ်တကူ ထိုးဖောက်လို့ရပါတယ်။)ပြီးရင်ငရုတ်သီးအခြောက်တောင့်ကို ထောင်းကာ အရည်ဖျော်ပြီး ခရမ်းသီးမြုပ်အောင်ထည့်။ မျှင်ငါးပိအနေတော်နဲ့ ဆား၊ နနွင်း၊ ဆီနည်းနည်းထပ်ထည့်။ ကြက်သွန်ဖြူ/နီကိုထောင်းထည့်ပြီး မီးဖိုမှာတည်ပါ။ ဟင်းအိုး ဆူလာရင် အပေါ့အငန်မြည်း၊ အသီးနူးအ လာအောင်ထားပြီး ရေစပ်စပ်လေးနဲ့ ချက်ရပါတယ်။ နံနံပင်လေးအုပ်ပြီး မီးဖိုမှချပါ။
ခရမ်းသီးဆူးထိုးဟင်းက အသီးထဲကိုအရသာဝင်ပြီး ချိုချိုစပ်စပ်နဲ့ နံနံပင်နံ့လေး မွှေးနေလို့ မထင်မှတ်လောက်အောင် အရသာထူးခြားပါတယ်။ ချွေတာရေးလည်းကျ အထူးအဆန်းအနေနဲ့ မျက်နှာပန်းလည်းလှတာမို့ အိမ်ရှင်မများလက်မလွှတ်တမ်း စမ်းချက်ကြည့်သင့်လှတဲ့ ရိုးရာဟင်းတစ်ခွက်ဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်ဗျာ။
စံလွင်(ငါးဦးစီး)