သဘာဝသစ်တောများကိုထိန်းသိမ်းရင်း ဒေသခံပြည်သူကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လာသည့် တနင်္သာရီတိုင်းဒေသအတွင်းမှ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ မိုင် ၆၀ အကွာ ရေး-ထားဝယ် ကားလမ်းဘေး ရေဖြူမြို့နယ်အတွင်းရှိ မိုင် ၆၀ ကျေးရွာမှ နှစ်မိုင်ကျော်ခန့်ဝင်သွားသည်နှင့် တောင်ကုန်းတောင်တန်းများကြားတွင် ကြီးမား ကျယ်ပြန့်သော မြေပြန့်လွင်ပြင်များ။

 

ထိုမြေပြန့်လွင်များပေါ်တွင် ဧက ၈၀ဝ ကျော် နီးပါးရှိသည့် အစုအဖွဲ့ပိုင်သစ်တောများ၊ လူနေတဲအိမ်အချို့၊ လတ်တလောစိုက်ပျိုးထားသည့် စပါး၊ နှမ်း၊ ပြောင်း၊ ဖရဲ၊ ငှက်ပျောခင်းများနှင့် အခြားသီးနှံစိုက်ခင်းများက အစီအရီရှိနေသည်။

 

“ရွာသူရွာသားတွေစုပြီး ဒီနေရာမှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစကာ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောစိုက်ခင်းအနေနဲ့ အကောင်အထည်ဖော်ခဲ့တာ အခုဆို ရုပ်လုံးပေါ်လာပါပြီ”ဟု မိုင် ၆၀ ကျေးရွာတာဝန်ခံ မွန်တိုင်းရင်းသား ဦးလေးမောင်က ပြောသည်။

 

လုပ်ကိုင်သူ များလာ

 

ဒေသခံများအနေဖြင့် ယခင်က ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(CF) နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောမှုများကြောင့် အစုအဖွဲ့ပိုင် စိုက်ခင်းလုပ်ကိုင်သူများလာကြောင်း ဒေသခံများထံမှ သိရသည်။

 

“အစုအဖွဲ့ပိုင်လုပ်မယ်ဆိုတော့ အရင်ကတော့ မယုံကြည်မှုတွေ ရှိခဲ့တယ်။ နောက်ပိုင်း သင်တန်းတွေပေး၊ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးကြတော့ မိမိလုပ်အားနဲ့ အကျိုးခံစားခွင့်ကိုမိမိပဲရမယ်ဆိုတာ သိလာကြတော့ အင်တိုက်အားတိုက်လုပ်လာကြတယ်။ ရာနှုန်းပြည့်တော့ မဟုတ်သေးဘူး” ဟု ဦးလေးမောင် က ဆိုသည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သည့် မွန်တိုင်းရင်းသားအများစု နေထိုင်သော ရေဖြူမြို့နယ် မိုင် ၆၀ ကျေးရွာတွင် အိမ်ခြေ ၈၄ အိမ်၊ လူဦးရေ ၂၂၇ ဦးရှိပြီး ဧက ၈၀ဝ ကျော်ကို အိမ်ထောင်စု ၇၉ စုက အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက “အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေက သစ်တောကြိုးဝိုင်းတွေထဲမှာ နေကြတယ်။ သစ်တောဌာနက အသိအမှတ်ပြုထားတာ မရှိဘူး။ သူတို့ဘဝ ရေရှည်ရှင်သန် ရပ်တည်ရေးနဲ့ အလုပ်အကိုင်ရရှိရေးအတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(CF)တွေ တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးခဲ့တယ်။ ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးခဲ့ တယ်” ဟု ပြောသည်။

 

သစ်တောဦးစီးဌာနအနေဖြင့် သဘာဝသစ်တောများကိုပျက်စီးပြုန်းတီးမှုမရှိစေဘဲ ထင်းလိုအပ်ချက် ပြည့်မီစေရန်အတွက် ၂၅ ရာခိုင်နှုန်းကို မိမိတို့ကိုယ်ပိုင်အိမ်ဝင်း၊ ခြံဝင်း၊ ဥယျာဉ်ခြံမြေ၊ လယ်ယာပတ်လည်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် လည်းကောင်း၊ ၂၅ ရာခိုင်နှုန်းကို အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများမှ လည်းကောင်း၊ ၄၈ ဒသမ ၈ ရာခိုင်နှုန်းကို သဘာဝသစ်တောများမှ လည်းကောင်း ရရှိနိုင်စေရန် အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်းရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

စိတ်ဝင်စားမှုမြင့်တက်လာခဲ့

 

သဘာဝတောတောင် သစ်တောများကို ကာကွယ်ထိန်းသိမ်းရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး အကျိုး ခံစားခွင့်များကို သဘာဝမပျက်စီးစေဘဲ ထုတ်ယူသုံးစွဲနိုင်ရန် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း(CF)စီမံချက်ကို ၁၉၉၅ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ကန့်သတ်ချက်များနှင့် အသိပညာပေးမှု အားနည်းခဲ့ခြင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်မှု အားနည်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ခေတ်ကာလနှင့်ကိုက်ညီသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(CF)စီမံချက်ကို ပြန်လည်ရေးဆွဲခဲ့ရာ အစုအဖွဲ့ပိုင် စိုက်ခင်းအပေါ် ပြည်သူ များအနေဖြင့် စိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ရေဖြူမြို့နယ် ရေပုံးကျေးရွာတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း လုပ်ကိုင်နေသည့် အသက် ၆၉ နှစ်အရွယ်ကရင်တိုင်းရင်းသူ နော်အားဖော်က “အစုအဖွဲ့ပိုင်သစ်တော လုပ်တယ်ဆိုတာ နောင်လာနောက်သားတွေ အကျိုးရှိမယ်။ အခု သစ်ပင်သစ်တောက အရိပ်အာဝါသတွေ ခံစားရတယ်ဆိုတာ ကလည်း ဘိုးဘေးတွေ သစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ပေါ့”ဟု ပြောသည်။

 

မြန်မာနိုင်ငံ ဧရိယာ၏ ၅၀ ရာခိုင်နှုန်းသည် သစ်တောသယံဇာတများဖြင့် ဖုံးလွှမ်းခဲ့ပြီး ကုန်လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း သစ်တောသယံဇာတများကို နိုင်ငံခြားဝင်ငွေရရှိရေးနှင့် ပြည်တွင်းသုံးစွဲရေးအတွက် ပိုမိုထုတ်ယူခဲ့ကြရာ တရားဝင်၊ တရားမဝင်ထုတ်ယူမှုများ၊ ထင်း၊ မီးသွေး လောင်စာအဖြစ် အတားအဆီးမဲ့ အသုံးပြုမှုများကြောင့် သစ်တောသယံဇာတများသိသာစွာ လျော့နည်းကျဆင်းသွားခဲ့သည်။

 

ဘေးအန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့နေ

 

သစ်တောသယံဇာတများ လျော့နည်းသွားသည့် အကျိုးဆက်အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုများလာပြီး ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ရာသီဥတု ပြောင်းလဲခြင်းကြောင့် မျက်မှောက်ကာလတွင်သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့နေကြရ သည်။

 

ထိုသဘာဝဘေးအ္တရာယ်အမျိုးမျိုးကြောင့် လူသားများသာမက သစ်တောများတွင် မှီတင်းရှင်သန်ကြသည့် တိရစ္ဆာန်သတ္တဝါများလည်း သေကျေပျက်စီးခြင်းသို့ ရောက်ကြရသည်။ ထို့ကြောင့် သစ်တောများ မပျက်စီးစေရန်အတွက် ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အစိုးရသာမက ပြည်သူလူထုကပါ ပိုမိုသတိပြုမိလာကြသည်။

 

“သစ်တောသစ်ပင်တွေက လူမရှိဘဲ ရှင်သန်နိုင်တယ်၊ ကြီးထွားနိုင်တယ်၊ ပေါက်ပွားနိုင်တယ်။ လူသား တွေကသာလျှင် သစ်တော သစ်ပင်တွေမရှိဘဲ၊ ဂေဟစနစ်မရှိဘဲ ဘယ်လိုမှ ရှင်သန်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ဘူး။ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းနေတာသည် သဘာဝသယံဇာတကို ထိန်းသိမ်းနေတာဖြစ်သလို လူသားတွေ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်အကာအကွယ်ပေးနေခြင်း ဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျကပြောသည်။

 

သစ်တောဖုံးလွှမ်းမှု ကျဆင်းလာ

 

တနင်္သာရီတိုင်းဒေသကြီးတွင်လည်း လွန်ခဲ့သော နှစ် ၅၀ ခန့်က သစ်တောဖုံးလွှမ်းမှု ၈၀ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြန်လည်ကောက်ယူထားသော ကိန်းဂဏန်းများအရ သစ်တောဖုံးလွှမ်းမှု ၆၂ ရာခိုင်နှုန်းသာရှိခဲ့ရာ သစ်တောဖုံးလွှမ်းမှုကျဆင်းလာခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

“တနင်္သာရီတိုင်းဒေသကြီးမှာ သစ်တောပြုန်းတီးမှုကို ထင်ထင်ရှားရှားပြပါဆိုရင် ဆီအုန်းစိုက်ပျိုးမှုက အဓိကပဲ။ ဟိုတစ်ချိန်က ဆီအိုးကြီးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သစ်တောကြိုးဝိုင်းအတွင်းမှာရော သစ်တော ကြိုးဝိုင်းအပြင်မှာပါဧက ၂ သိန်းကျော်လောက်ကို သစ်တောတွေခုတ်ထွင်ရှင်းလင်းပြီး ဆီအုန်း စိုက်ခွင့်ပြုခဲ့တယ်” ဟု သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ဆိုသည်။

 

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တိုးတက်ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၂၃၃၀၇၇ ဧက တည်ထောင်ဆောင်ရွက်နိုင်ခဲ့ပြီး အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သော (၁၈)ကြိမ်မြောက် Energy Globe Award ဆုပေးပွဲ၌ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိရိုးစုံကျေးရွာဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောမှ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံလုံးဆိုင်ရာဆု (Energy Globe National Award) ရရှိခဲ့သည့် အောင်မြင်မှုများရှိခဲ့ကြောင်း သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

 

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု အမှန်တကယ် လျှော့ချ နိုင်သည့် ဖွံ့ ဖြိုးဆဲနိုင်ငံများအား ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်သည့် ပမာဏအလိုက် ရန်ပုံငွေရရှိရန် ထောက်ပံ့ကူညီပေးသည့် UN-REDD Programme မှ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၊ ထိခိုက်မှုနည်းသော သစ်ထုတ်ခြင်း၊ အဆင့်အတန်းနိမ့်ကျသောတောများအား ပြန်လည်ထူထောင် ခြင်းတို့ကို သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ REDD+ အစီအစဉ်ကို မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချရန်အတွက် သစ်တောသစ်ပင်များကို ကာကွယ် ထိန်းသိမ်းခြင်းနည်းတူ ကမ်းရိုးတန်းဒေသရှိ ဒီရေတောများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်လည်း လိုအပ်ကြောင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက သုံးသပ်ထားသည်။

 

သဘာဝကပေးအပ်ထားသည့် ရတနာတစ်ပါး

 

ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်းရှိသော နိုင်ငံများအတွက် သဘာဝကပေးအပ်ထားသည့် ရတနာတစ်ပါးဖြစ်ပြီးသစ်ပင်မျိုးစုံနှင့် တိရစ္ဆာန်မျိုးစုံတို့ ပေါက်ပွားရာနှင့် ကျက်စားရာနေရာနှင့် အစားအစာရရှိရာ ရင်းမြစ်ဒေသလည်းဖြစ်သည်။ ဒီရေတော တစ်ဟက်တာသည် တစ်နှစ်လျှင် ကာဗွန် ၁၇ မက်ထရစ်တန်ကို စုပ်ယူထိန်းသိမ်းထားနိုင်သည်ဖြစ်၍ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် များစွာအသုံးဝင်သော သစ်တောမျိုးလည်းဖြစ်သည်။

 

“ဒီရေတောတွေက လေထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမှုက ကုန်းပေါ်မှာရှိတဲ့ သစ်တောတွေထက် သုံးဆလောက် ပိုများတယ်။ ဒီရေတောတွေက လေထုကို သန့်စင်ပေးနေတဲ့ စက်ရုံကြီးတွေဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန òန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးရှိသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAD) က သစ်တောသယံဇာတ အကဲဖြတ်ချက်အစီရင်ခံစာတွင် ထုတ်ပြန်ထားပြီး သစ်တောဦးစီးဌာနမှ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒီရေတောများ ထိန်းသိမ်း စိုက်ပျိုးခြင်း စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 ဒီရေတော ဧရိယာ ဧက ခြောက်သိန်းနီးပါးခန့်ရှိ

 

တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း(CF) ဧက သုံးသိန်းကျော်ရှိပြီး ဒီရေတောဧရိယာ ဧက ခြောက်သိန်းနီးပါးခန့်ရှိကြောင်း ဒီရေတောထိန်းသိမ်းရန်အတွက် အစုအဖွဲ့ပိုင် စိုက်ခင်းများဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

“တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးက ရေလုပ်ငန်းပေါ် မူတည်နေတယ်။ ကမ်းရိုးတန်းမှာနေတဲ့ ဒေသခံပြည်သူ ၅၀ ရာခိုင်နှုန်းက ရေလုပ်ငန်းနဲ့ အသက်မွေးနေတယ်။ ငါး၊ ပုစွန်၊ ကဏန်းတွေ ပေါများမှသာ ရေရှည်တည်တံ့မယ်။ ဒီရေတောတွေကသာ ရေသယံဇာတတွေကို ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် ဒီရေတောတွေ ထိန်းသိမ်းဖို့လိုအပ်တယ်” ဟု တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

 

အစုအဖွဲ့ပိုင်သစ်တောတွင် စိုက်ပျိုးထားသည့် သီးနှံပင်များကိုကြည့်ရင်း မွန်တိုင်းရင်းသား ဦးလေးမောင်က “လွန်ခဲ့တဲ့ ၁၆ နှစ်က ဒီဒေသကိုစရောက်တော့ သစ်တောတွေက စိမ်းစိမ်းစိုစိုနဲ့၊ နောက်ပိုင်း တောမီးတွေလောင်၊ တောတွေပြုန်းပြီးသစ်ပင်ကြီးတွေလည်း မရှိတော့ဘူး။ ဝါးပင်တွေ များလာတယ်။ နှောင်နှစ်မှာတော့ နှစ်ရှည်ပျဉ်းကတိုးပင်တွေ စိုက်မယ်။ မကြာခင် ဒီနေရာလေး ပြန်လည် စိမ်းလန်းစိုပြည်လာမှာပါ”ဟု ဆိုသည်။