နေပြည်တော်၊ ဇန်နဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Conference Room ၌ ရုပ်သံလိုင်းများမှ သတင်းဖတ်ကြားသူများ၊ သတင်းအယ်ဒီတာများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မီဒီယာကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်ရာတွင် အရေးကြီးပါကြောင်း၊ ခေတ်နှင့်လျော်ညီသော၊ နုပျိုသစ်လွင်သော စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းများ စီစဉ်ထုတ်လွှင့်နိုင်ရေးအတွက် MRTV News Channel ကို တိုးချဲ့စမ်းသပ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း ၊ နုပျိုသစ်လွင်သည့် တင်ဆက်မှုများကို အများပြည်သူ့ ဝန်ဆောင်မှု မီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားရေး၊ ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာနည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ ညွှန်ကြားရေးမှူး (ရုပ်မြင်) ဒေါ်မိုးသူဇာအောင်က လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် တည်ဆောက်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
သတင်းစဉ်