ရေကြည် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကွင်းလျားကျေးရွာအုပ်စုတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုး နေ့စဉ်လိုလို တွေ့ရှိသဖြင့် ကမ်းနီတိုက်နယ်မှဆရာဝန်ကြီး ဦးဆောင်ပြီး ကွင်းလျားကျေးရွာသို့သွားရောက်ကာ ကျန်းမာရေးစစ်ဆေးမှုများ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ကမ်းနီတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာ တင်ထွဋ်အောင်နှင့် သူနာပြုဆရာ/ဆရာမများဓာတ်ခွဲမှူးနှင့် ကျေးရွာမှ တာဝန်ရှိသူများနှင့် အတူ ကွင်းလျားကျေးရွာအုပ်စုအတွင်းရှိ ကွင်းလျားကျေးရွာ အ-ထ-က(ခွဲ) စာသင်ကျောင်းစုရပ်၊ အုန်ပင်စု အ-မ-က စာသင်ကျောင်းစုရပ်၊ မင်္ဂလာသုခကျောင်းတိုက်တို့ရှိ စုရပ်နေရာ (၃)နေရာတွင် ကွင်းလျားကျေးရွာအုပ်စုနေ ဒေသခံပြည်သူ(၉၈)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen Test kit RTD ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး Positive တွေ့ရှိသူ (၁၁)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများကို ရေကြည်မြို့နယ် ကမ်းနီတိုက်နယ်ဆေးရုံသို့ တစ်ပါတည်းခေါ်ဆောင်ကာ အထူးသီသန့်ဆောင်တွင် ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိသည်။
ကွင်းလျားကျေးရွာအုပ်စုရှိ ကိုဗစ်ပိုးတွေ့ရှိသူနေထိုင်သည့်နေအိမ်များကို ကျေးရွာတာဝန်ရှိသူများက နေအိမ်များအား ပိုးသတ်ဆေးပက်ဖျန်းခြင်းများပြုလုပ်ခြင်း လည်းကောင်းတို့နေအိမ်များအား Lock down ယာယီချထားပြီး ကျေးရွာနေပြည်သူမျာကို မဖြစ်မနေ Mask နှာခေါင်စည်းပါးစပ်ပိတ်များ တပ်ဆင်သွားလာ နေထိုင်ကြရန် မှာကြားသည်။
ကွင်းလျားကျေးရွာအုပ်စုတွင် ယခုရက်ပိုင်း၌နေ့စဉ်တိုင်လိုလို ကိုဗစ်ပိုးတွေ့ရှိခဲ့သူ (၁၁)ဦးရှိပြီး ယမန်နေ့၌ကျေးရွာနေပြည်သူ (၉၈)ဦးကို ကိုဗစ်ရောဂါပိုးစစ်ဆေးရာ၌လည်း (၁၁)ဦး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင် းကွင်းလျားကျေးရွာအုပ်စုတွင် ကိုဗစ်ပိုးတွေ့ရှိသူ(၂၂)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံပြန်ဆင်းသူ (၄)ဦးရှိကြောင်း သိရသည်။
ကွင်းလျားကျေးရွာအုပ်စုတွင် ကျေးရွာခွဲ(၈)ရွာ အိမ်ခြေ(၈၂၅)လုံး လူဦးရေ သုံးထောင်ကျော်နေထိုင်သည်။
ဆန်းတင့် (ရေကြည်)