နေပြည်တော် စက်တင်ဘာ ၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ ရက် နံနက် ၆ နာရီတွင် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာနေ ရဲမင်းကို(ခ)အချိ ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၉နာရီခွဲတွင် ကော့လှိုက်ကျေးရွာ လမ်းတွင် ပြည့်စုံဖြိုးကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကိုလည်းကောင်း၊ နံနက် ၁၁ နာရီခွဲ တွင် လှာကာကျေးရွာနေ သန်းနိုင်ဦးထံမှ စိတ်ကြွရူးသွပ်ဆေး ၂၆၂ ပြားကိုလည်းကောင်း၊ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် လှာကာကျေးရွာနေ ဘိုဘိုဟန်(ခ)သားငယ်ထံမှ စိတ်ကြွရူးသွပ်ဆေး ၃,၀၃၄ ပြား ကိုလည်းကောင်း။
စက်တင်ဘာ ၃ ရက် ည ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ဟွေဆိုင်းကျေးရွာအနီးရှိ ကျထုပ (ဖမ်းမမိ)၏ တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)