ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ တင်သွင်းခွင့်နှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံက မူဝါဒပြင်ဆင်

နေပြည်တော်၊ ၂၆ မေ

 

ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ တင်သွင်းခွင့် နှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံအစိုးရ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒ ပြင်ဆင်ချက်ကို မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅ - ၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ပဲစင်းငုံ (Tur/ Pigeon Pea, HS Code 0713 60 00) ၊ ပဲတီစိမ်း [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] နှင့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] HS Codes 0713 31 10) တို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည်အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့် တင်သွင်းခွင့်ပြုခဲ့သည်။

 

ယခုအခါ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ မေ ၁၅ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် S.O. 1858(E) အရ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကို ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ဖြေလျော့ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။

 

အဆိုပါထုတ်ပြန်ချက်အရ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ S.O.1266(E) အရ ၂၀၂၁ - ၂၀၂၂ ခုနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုနှင့် မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ S.O.1372(E) အရ ၂၀၂၁ - ၂၀၂၂ ခုနှစ် အတွက် မတ်ပဲတင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုတို့ကို ယခုထပ်မံထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် အစားထိုး ပြင်ဆင်မည်ဖြစ်သည်။

 

ထို့ကြောင့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကို တင်သွင်းရန်အတွက် Bill of Lading ထုတ်ပေးခြင်းကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားဆောင်ရွက်ရန်နှင့် တင်သွင်းလာသည့် ကုန်စည်များအား ဆိပ်ကမ်းရှင်းလင်းခြင်းကို နိုဝင်ဘာ ၃၀ ရက်အတွင်းအပြီး လုပ်ဆောင်ရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အသိပေးထားကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာစီးပွားရေးသံမှူးထံမှ သိရသည်။

 

မောင်ဓန