၁၆ ဇန်နဝါရီ
မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မန်ယူအနေနဲ့ ပြိုက်ဘက်အသင်းနဲ့ ရမှတ်တူသွားမယ့်အဖြစ်ကို မလိုလားဘူးလို့ လီဗာပူးနဲ့ ယှဉ်ပြိုင်မယ့်ပွဲမတိုင်မီ ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ဒီစကားက မနက်ဖြန်မှာ ကစားမယ့်ပွဲစဉ်မှာ မန်ယူအနေနဲ့ လီဗာပူးကို သရေ (သို့မဟုတ်) အနိုင်ရအောင် ကစားသွားမှာဖြစ်ကြောင်း တစ်နည်းအားဖြင့် ပြောကြားလိုက်တာပါ။
မန်ယူက လက်ရှိအချိန် လီဗာပူးထက်ရမှတ် သုံးမှတ်အသာနဲ့ ပရီမီယာလိဂ်အမှတ်ပေး ဇယားကိုဦးဆောင်နေပါတယ်။ ဒါကြောင့် တကယ်လို့ ဒီပွဲမှာ လီဗာပူးကသာ အနိုင်ရသွားမယ်ဆို မန်ယူအသင်းဟာ ဂိုးကွာဟချက်နဲ့ အမှတ်ပေးဇယားဦးဆောင်ခွင့်ကို လီဗာပူးကို လွှဲပြောင်းပေးရတော့မှာဖြစ်ပါတယ်။
မန်ယူနဲ့ လီဗာပူးတို့ဟာ ပရီမီယာလိဂ်မှာ အစဉ်အလာအကြီးဆုံး ပြိုင်ဘက်တွေဖြစ်ပြီး မန်ယူက အမှတ်ပေးချန်ပီယံ အကြိမ် ၂၀ နဲ့ အအောင်မြင်ဆုံးဖြစ်ပြီး လီဗာပူးက ၁၉ ကြိမ်နဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးအနေနဲ့ ပရီမီယာလိဂ်မှာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ်ဆို မန်ယူနဲ့အတူ ပရီမီယာလိဂ်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်တော့မှာပါ။
ဖာနန်ဒက်စ်က “ ကျွန်တော်အနေနဲ့တော့ မန်ယူက ချန်ပီယံဆု ၂၁ ကြိမ်ရရှိပြီး လီဗာပူးက ၁၉ ကြိမ်မှာ ရပ်တန့်နေတာမျိုးပဲ မြင်ချင်တာပေါ့ဗျာ” လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။
မန်ယူအသင်းက နည်းပြ ဖာဂူဆန်လက်အောက် ၁၉၉၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ကြားကာလမှာ ပရီမီယာလိဂ်ဖလား ၁၃ ကြိမ် ဆွတ်ခူးကာ မန်ယူခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ယူအသင်းလည်း ပရီမီယာလိဂ်ဖလားနဲ့ ဝေးကွာခဲ့ကာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပရီမီယာလိဂ် ဖလားကို မန်ယူရဲ့ အစဉ်အလာပြိုင်ဘက် လီဗာပူး၊ ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လက်စတာ စီးတီး တို့က ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မေလဲ့သင်း