မြင်းမူ ၂ နိုဝင်ဘာ
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်းများတွင် သီးနှံ ဖျက်ပိုးများ ကျရောက်ကာ သီးနှံထွက်ရှိမှု မလျော့ကျစေရေးအတွက် ပိုးမွှားအန္တရာယ် ကာကွယ်ရေးနည်း ပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နည်းပညာပေး လုပ်ငန်းများကို ဒေသခံတောင်သူများနှင့်အတူ မြင်းမူမြို့နယ်အတွင်းရှိ ကန်ဖျားကျေးရွာနှင့် နဘဲကြူး ကျေးရွာများတွင် COVID.19 Economic Relief Plan(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသည့် မျိုးစေ့ထုတ် ဧရာမင်း(၂)ဧကနှင့် ပေါ်ဆန်းယဉ်(၅)ဧက မိုးစပါးစိုက်ခင်းများတွင် အကျိုးပြုမိတ်ဆွေပိုးနှင့် ဖျက်ပိုးများကိုခွဲခြား သိရှိနိုင်ရန် လက်တွေ့ပြသခြင်း၊ ဆစ်ပိုးနှင့်ဖြုတ်ပိုး အန္တရာယ်ကြိုတင် ကာကွယ်နှိမ်နင်းနည်းများနှင့် ဖြုတ်ပိုးများ၏ သဘာဝအလေ့အကျင့်များကို သိရှိထားစေရန်အတွက် ယခုကဲ့သို့ကွင်းဆင်းကာ နည်းပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ တာဝန်ခံ ဦးငြိမ်းချမ်းထံမှ သိရှိရသည်။
ထို့အပြင် ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်း နည်းစနစ်နှင့်အတူ သဘာဝဂေဟစနစ် မပျက်စီးစေသည့် သဘာဝ ပိုးသတ်ဆေး၊ သဘာဝအားဆေးရည်၊ သဘာဝမြေဩဇာ(စူပါဘိုကာရှီ၊ EMဘိုကာရှီ) နှင့် သစ်ရွက်စိမ်း မြေဩဇာပြုလုပ် သုံးစွဲနည်းများကိုလည်း ဒေသခံတောင်သူများအား လက်တွေ့ပြုလုပ်သုံးစွဲနည်းများနှင့် ပတ်သက်၍ နည်းပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြင်းမူမြို့နယ် အတွင်း COVID-19 Economic Relief Plan(CERP) အစီအစဉ်ဖြင့် မိုးစပါး(၁၅၉)ဧကကို စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)