တောင်သူသုံး တံစဉ်နှင့် ဓါးများကို မော်တာလေမှုတ်မီးဖို အသုံးပြုကာ တွင်ကျယ်စွာပြုလုပ်

mdn

စဉ့်ကိုင် ၂၇ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်မှ ရိုးရာတောင်သူသုံး တံစဉ်များကို ဒေသအနှံ့ ဖြန့်ချိရောင်းချလျက်ရှိသည်။ မန္တလေးမြို့အနီးတစ်ဝိုက်တွင် ကုန်းနီကျေးရွာမှ ထုတ်လုပ်သော တံစဉ်များမှာ နာမည်ရပြီး လူကြိုက်များသည်။ ယခင်က တံစဉ်နှင့်ဓါးများ ပြုလုပ်ရာတွင် ရိုးရာဖားဖိုကို အသုံးပြုပြီး ပြုလုပ်ကြသည်။ လက်ရှိကာလတွင် တန်ဖိုးနည်း လေမှုတ်မော်တာမီးဖိုများကို အသုံးပြုကာ ပန်းပဲလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လာကြကြောင်း သိရသည်။

 

လေမှုတ်မီးဖိုများကို ဘက်ထရီစွမ်းအင်ဖြင့် လည်ပတ်သည်။ ဘက်ထရီများ အားသွင်းရာတွင် ဆိုလာစနစ်ကို အသုံးပြုကာ အားသွင်းကြသည်။ လက်ရှိကာလတွင် တောင်သူ သိမ်းချိန်ပြီးဆုံးသည့်ကာလတွင် ဓါးများကို ပြုလုပ်ရောင်းချနေရသည်။ တောင်သူချိန်တွင် တံစဉ်ကို အဓိကထားပြုလုပ်သည်။ တံစဉ်ကို ပြုလုပ်ရာတွင် အလွယ်တကူ အသုံးပြုနိုင်ရန် တံစဉ်ရိုးများပါ ပြုလုပ်ရောင်းချကြသည်။ တံစဉ်တစ်ချောင်းလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချသည်။ တံစဉ်နှင့် လက်ကိုင်တွဲဖက် တပ်ဆင်ထားပါက ငွေကျပ် ၁၃၀၀ မှ ၁၅၀၀ ကျပ်အထိ ရောင်းချကြသည်။  လက်ရှိကာလ စဉ့်ကိုင်မြို့နယ် ကုန်းနီရွာတွင် တောင်သူသုံး တံစဉ်နှင့်ဓါး ပြုလုပ်သည့်ပန်းပဲဖို ၁၅ ဖိုခန့်အထိရှိပြီး တစ်နှစ်ပတ်လုံး မော်တာလေမီးဖိုကို အသုံးပြုကာ တောင်သူသုံး တံစဉ်နှင့်ဓါးများကို ဒေသအနှံ့ ဖြန့်ချရောင်းချလျက်ရှိကြောင်း သိရသည်။    

 

တိမ်တမန်