၂၃ အောက်တိုဘာ
ရီးယဲလ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်အနေနဲ့ ကြံ့ခိုင်မှုမပြည့်ဝတဲ့ အနေအထားကြောင့် အောက်တိုဘာ ၂၄ရက်မှာ ယှဉ်ပြိုင်မယ့် ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ အယ်လ်ဂလက်စီကို ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းနဲ့ ရှက်တာဒိုးနက်ခ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရာမို့စ် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိခဲ့သလို ရီးယဲလ်အသင်းကလည်း အိမ်ကွင်းမှာပဲ ရှုံးပွဲ ကြုံခဲ့ရပါတယ်။ ရီးယဲလ်အသင်းဟာ ရာမို့စ် ပါဝင်နိုင်ခြင်မရှိတဲ့ ခုနစ်ပွဲမှာ ခြောက်ပွဲအထိ ရှုံးနိမ့်ထားခဲ့တာကြောင့် အကယ်၍ ရာမို့စ်သာ ဘာကာနဲ့ ကစားမယ့် အယ်လ်ဂလက်စီကို နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခြင်းမရှိရင် ရီးယဲလ်ခံစစ်ကြောင်းဟာ ဘာကာတိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရမယ့် အခြေအနေမျိုးရှိနေပါတယ်။
ရီးယဲလ်အနေနဲ့ ဘာစီလိုနာနဲ့ ပွဲမှာ အိုဒီဂတ်၊ ဟာဇက်၊ ကာဗာဟဲလ်၊ မာရီယာနိုဒိုင်းယက်ဇ်နဲ့ အော်ရီဇိုလာတို့ ပါဝင်နိုင်ဖွယ်မရှိတဲ့ အနေအထားမှာ အားထားရတဲ့ ရာမို့စ်ကို ဆက်လက် ဆုံးရှုံးနိုင်ဖွယ်ရှိတာကြောင့် ရီးယဲလ်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ပါ။ နည်းပြ ဇီဒန်းကတော့ အကယ်၍ ရာမို့စ်သာ မကစားနိုင်ရင် ဗာရန်းနဲ့ အက်ဒါမီလီတာအိုတို့ အတွဲအဖက်ကို ဗဟိုခံစစ်မှာ အသုံးသွားပြုဖို့ ရှိနေပါတယ်။
ရီးယဲလ်ဟာ လာလီဂါမှာ ငါးပွဲကစားပြီး ၁၀မှတ်ရရှိထားကာ အမှတ်ပေးဇယား အဆင့် (၃)နေရာမှာ ရပ်တည်နေပြီး ဘာစီလိုနာအသင်းကတော့ လေးပွဲကစား ခုနစ်မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၉)နေရာအထိ ရောက်ရှိနေတာဖြစ်ပါတယ်။
မေလဲ့သင်း