ရန်ကုန် ဧပြီ ၂၀
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင် ကြောင့် မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ အခြေအနေကြောင့် ငလျင်ဒဏ် သက်ရောက်ခဲ့သည့် နေရာများတွင် နေထိုင်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အတိဒုက္ခရောက်ရှိပြီး အဘက်ဘက်မှ လိုအပ်ချက်များရှိနေခဲ့သည်။ အဆိုပါထိခိုက်ပျက်စီးမှုအပေါ် လူသားချင်း စာနာထောက်ထားသောအားဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေးဗဟို အသင်းသည် အဆိုပါသဘာဝ ဘေးဒဏ် သက်ရောက်သည့် ဒေသများကို ထောက်ပံ့ကူညီရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယူနန်ပြည်နယ် Yunnan Overseas Chinese Charity Foundation မှ မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ်အတွက် တရုတ်ယွမ် ၆၅၈၃၂၀ တန်ဖိုး ရှိ ဆေးပစ္စည်းများ လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းသည့် ဆေးပစ္စည်းများသည် လေကြောင်းမှတစ်ဆင့်တင်သွင်းခဲ့ရာ ယနေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ တစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါလှူဒါန်းသည့် ဆေးပစ္စည်းများကို ကျန်းမာရေး ဝန်ကြီးဌာနသို့ တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း မှ တာဝန်ရှိသူများမှ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်