ယူကရိန်းလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အီရန်နိုင်ငံအပေါ် သင်္ကာမကင်းမှုများ မြင့်တက်

အော့တဝါ ၁၁ ဇန်နဝါရီ

 

ဇန်နဝါရီ ၈ ရက်တွင် ယူကရိန်းခရီးသည်လေယာဉ် ပျက်ကျ ခဲ့ခြင်းနှင့်ပတ်သက်ပြီး အီရန်နိုင်ငံအပေါ် ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများက သင်္ကာမကင်း ဖြစ်လျက်ရှိသည်။

 

အဆိုပါလေယာဉ်အား အီရန်နိုင်ငံက ဒုံးကျည်ဖြင့် ပစ်ချ ခဲ့ခြင်းဖြစ်သည်ဟု သံသယများ မြင့်တက်လျက်ရှိသော်လည်း စွပ်စွဲချက်များကို အီရန်နိုင်ငံက ငြင်းပယ်ခဲ့သည်။

 

ဇန်နဝါရီ ၈ ရက်က ခရီးသည် ၁၈၀ နီးပါး သယ်ဆောင်လာ သော ယူကရိန်းလေကြောင်း UIA Airlines မှ ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်သည် တီဟီရန်မြို့လေဆိပ်မှ ထွက်ခွာလာပြီးနောက် မကြာမီအချိန်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လိုက်ပါစီးနင်းလာသူအားလုံး သေဆုံးခဲ့သည်။

 

အဆိုပါလေယာဉ်ပေါ်တွင် အီရန်နိုင်ငံသား ၈၂ ဦးနှင့် ကနေဒါနိုင်ငံသား ၆၃ ဦးတို့ လိုက်ပါစီးနင်းခဲ့ကြောင်းနှင့် ယူကရိန်း၊ ဆွီဒင်၊ အာဖဂန်နစ္စတန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံသားများလည်း ပါဝင်သည်ဟု ယူကရိန်းအစိုးရက ဆိုသည်။

 

ယူကရိန်းလေယာဉ်ပျက်ကျခြင်းသည် အီရန်နိုင်ငံ၏ ဒုံးကျည်ပစ်ခတ်မှုကြောင့် ဖြစ်သည်ဆိုသည့် သက်သေ အထောက်အထားများရှိပါကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်ထရူးဒေါက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့ သည်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အဆိုပါ လေယာဉ်ကို အီရန်တပ်ဖွဲ့က မရည်ရွယ်ဘဲ ဒုံးကျည်ဖြင့် ပစ်ချခဲ့သည်ဆိုသော သတင်းအရင်းအမြစ်တစ်ခု ရှိပါ ကြောင်း သူ၏ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထား သည်။

 

လေယာဉ်ပျက်ကျမှုမှာ စက်ချွတ်ယွင်းမှုကြောင့် မဖြစ် နိုင်ပါကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့သည်။

 

လေယာဉ်ပျံ မပေါက်ကွဲမီ အချိန်အနည်းငယ်တွင် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်နှစ်စင်း ကောင်းကင်ယံသို့ ပျံတက်လာသည်ကို အမေရိကန်ဂြိုဟ်တုများက ခြေရာခံ ထားမိခဲ့ကြောင်း အမေရိကန်အစိုးရအဖွဲ့ တာဝန်ရှိသူများ က ဆိုသည်။ အီရန်၏ လေကြောင်းကာကွယ်ရေးစနစ် တစ်ခုက အဆိုပါလေယာဉ်ကို မတော်တဆမှားယွင်းကာ ပစ်ချခဲ့နိုင်ဖွယ်ရှိပါကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။

 

ယူကရိန်းလေယာဉ်သည် အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်နှင့် ပစ်ခတ်ခဲ့ပြီးနောက် လေးနာရီအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

ယူကရိန်းလေယာဉ်ပျက်ကျသည့်နေရာသည် နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းလိုင်းများ အသုံးပြုသည့် လေကြောင်း ဧရိယာရပ်ဝန်းတစ်ခုဖြစ်သည့်အတွက် ယင်းနေရာတွင် ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါကြောင်း အီရန်လေကြောင်းဆိုင်ရာ အဆင့်မြင့် အရာရှိတစ်ဦးက နိုင်ငံပိုင်ရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။

 

ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းခံရသည်ဆိုပါက လေယာဉ်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားမည်ဖြစ်ကြောင်းနှင့် လေယာဉ်မီးစတင်လောင်ကျွမ်းသည့်အချိန်တွင် လေယာဉ်မှူး က လေဆိပ်သို့ ပြန်လည်မောင်းနှင်ရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရှိရခြင်းကြောင့် ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းမှာ မဖြစ်နိုင် ပါကြောင်း ၎င်းက ဆိုသည်။

 

လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများက စုံစမ်းစစ်ဆေးမည်ဆိုပါက ကြည်ဖြူစွာလက်ခံ ဖိတ်ခေါ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်