ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့မှုအတွက် နစ်နာကြေးပေးရန် အီရန်ကို ယူကရိန်းတောင်းဆို

ကိယက်ဗ် ၁၃  ဇန်နဝါရီ

ယူကရိန်းလေယာဉ် ပျက်ကျစေခဲ့သည့် ဒုံးကျည်ပစ်ခတ်မှုတွင် အပြစ်ရှိသူကို အပြစ်ပေးရန်နှင့် လေယာဉ်ပျက်ကျမှုအတွင်း အသက်ဆုံးရှုံးခဲ့သူ များအတွက် နစ်နာကြေးပေးရန် ယူကရိန်း နိုင်ငံက ယမန်နေ့တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုအတွက် ယူကရိန်းက အီရန်ကို ချီးမွမ်းခဲ့သည်။ ယင်းကိစ္စကို အီရန်သမ္မတ ဟက်ဆန်ရိုဟာနီနှင့်အတူ ဆွေးနွေးရန်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒိုမီယာဇလန်းစကီးက ပြောခဲ့သည်။ ယခုဖြစ်စဉ်၌ အီရန်အနေဖြင့် အပြစ်ကျူးလွန်သူကို တရားစွဲဆိုရန် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ အသက်ဆုံးရှုံးခဲ့သူများအတွက် နစ်နာကြေးပေးရန်နှင့် သေဆုံးသူတို့၏ အလောင်းများကို ပြန်ပို့ပေးရန် တောင်းဆိုကြောင်း သမ္မတက ဖေ့ဘုတ်ပေါ်၌ ရေးသား ဖော်ပြခဲ့သည်။

အီရန်သည် ယူကရိန်းခရီးသည်တင်လေယာဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က မရည်ရွယ်ဘဲ ဒုံးကျည်ဖြင့် ပစ်ချမိခဲ့သည့်အတွက် ခရီးသည် ၁၇၆ ဦး သေဆုံးခဲ့ရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ဝန်ခံပြောကြားခဲ့သည်။ ဒုံးကျည်ဖြင့် မတော်တဆ မှားယွင်းပစ်ခတ်မိခဲ့သည့် ကိစ္စအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းကိုလည်း သမ္မတရိုဟာနီက ဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျမှုကိုစုံစမ်းစစ်ဆေးရာတွင် အီရန်က ယူကရိန်းကျွမ်းကျင်သူများထံသို့ သတင်းဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် အခြားအထောက်အထား ပစ္စည်းများအပါအဝင် လုံလောက်သည့်အချက်အလက်များကို ပေးအပ်ကာ စုံစမ်းစစ်ဆေးမှုတွင် ယူကရိန်းနှင့်အတူ ထိရောက်စွာပူးပေါင်းပါဝင်ခဲ့ကြောင်း သမ္မတ ဇလန်းစကီး၏ ရုံးက ထုတ်ပြန်ခဲ့သည်။

အေအက်ဖ်ပီ