ယူကရိန်းခရီးသည်လေယာဉ် မှားယွင်းပစ်ချခံလိုက်ရသည့်ကိစ္စတွင် တာဝန်ရှိသူအားလုံးကို အပြစ်ပေးသွားမည်ဟု အီရန်သမ္မတ ပြောကြား

တီဟီရန် ၁၅ ဇန်နဝါရီ 

လွန်ခဲ့သောရက်သတ္တတ်ကယူကရိန်း ခရီးသည်လေယာဉ် မှားယွင်းပစ်ချခံလိုက်ရသည့်ကိစ္စတွင် တာဝန်ရှိသူအားလုံးကို အပြစ်ပေးသွားမည်ဖြစ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။ 

ပေါ့ဆ၍ဖြစ်စေ၊ မှားယွင်း၍ဖြစ်စေ လေယာဉ်ပစ်ချ ခံလိုက်ရသည့်ဖြစ်စဉ်တွင် ပါဝင်သူများအားလုံး တရားရုံးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ အပြစ်ပေးခံသင့် သူတိုင်း ပြစ်ဒဏ်ခံရမည်ဟု ရိုဟာနီက ဆက်လက် ပြောကြားသည်။ 

တရားရေးအာဏာပိုင်များက အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့တွင် အဆင့်မြင့်တရားသူကြီးများ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အမှုသွား၊ အမှုလာ၊ အစစ်ဆေးမှုများကိုလည်း ကမ္ဘာ တစ်ဝန်းက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယူကရိန်းနိုင်ငံတကာ လေကြောင်းလိုင်းခရီးသည်တင် လေယာဉ်ကြီးသည် ဇန်နဝါရီ ၈ ရက်က တီဟီရန်မှ ပျံတက်ပြီး မကြာမီ ဒုံးကျည်ဖြင့် ပစ်ချခံလိုက်ရကာ လေယာဉ်ပေါ်ပါသူ စုစုပေါင်း ၁၇၆ ဦးလုံး သေဆုံးခဲ့ရသည်။

အဆိုပါကိစ္စတွင် အီရန်လက်ချက်မကင်းဟု အနေခက် နိုင်ငံက စွပ်စွဲပြောကြားခဲ့သော်လည်း အီရန်က ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း အစပထမပိုင်းတွင် ငြင်းဆန်ခဲ့သည်။

အဆိုပါဝမ်းနည်းဖွယ် အရေးနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတကာ သိုင်းအဝိုင်၏ ဖိအားများလည်း မြင့်တက်လာခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်က လူမှုမီဒီယာပေါ်သို့ တက်လာသည့် ရုပ်သံဖိုင်များတွင် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး ပြည်သူများ သုံးရက်မြောက်နေ့အဖြစ် လမ်းမပေါ်ထွက်ကာ ဆန္ဒပြဟစ်ကြွေးနေသည်ကို တွေ့မြင်ရကြောင်း သိရသည်။

အေအက်ဖ်ပီ