ယင်းမာပင်မြို့တွင် ပန်းအလှပြုပြင်ခြင်း သင်တန်းဖွင့်လှစ်

ယင်းမာပင် ၆ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်  ၀န်ထမ်းများ ပတ်၀န်းကျင် လူနေမှုအဆင့်အတန်း မြင့်မားစေရန် ကိုယ်ပိုင်တီထွင်စမ်းသပ်မှုနည်းလမ်းများ သိရှိနားလည်စေရန်နှင့် အိမ်တွင်းမှု အတတ်ပညာများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာလ ၆ ရက်နေ့က ပန်းအလှထိုးနည်း သင်တန်းကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ယင်းမာပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး ယင်းမာပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းနည်းပြ ဒေါ်ညိုမီလှိုင်မှ အလှဆင်ပန်းများ၏အခြေခံ သဘောတရားများ၊ အပူအအေး အရောင်တွဲစပ်နည်းများ၊ အိမ်တွင်းပန်းအလှဆင်ခြင်း၊ မင်္ဂလာပွဲ၊ ဂုဏ်ပြုပွဲ၊ ညစာစားပွဲများ၊ ပန်းအလှဆင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်စိုးက “ယခုဖွင့်လှစ်တဲ့သင်တန်းကတော့ ကျွန်တော်တို့၀န်ကြီးဌာနရဲ့ မူလရည်မှန်းချက်ကို ပေါက်မြောက်အောင် အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ သင်တန်းကပို့ချသော နည်းစနစ်များအပြင် ကိုယ်ပိုင်တီထွင်ကြံဆမှုများနဲ့ ပေါင်းစပ်ပြီး မိမိသာမက မိမိပတ်၀န်းကျင်ကို  ပို၍အဆင့်အတန်းမြင့်မားလာအောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲမြို့နယ်ရုံးများရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသူ (၁၃) ဦးတက်ရောက်ခဲ့ပြီး (၅) ရက်ကြာဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်