ယင်လပ် ဟောင်ကောင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နိုင်ဖွယ်ရှိ

၁၅ ဖေဖော်ဝါရီ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာဟာ ၂၀၁၇ သြဂုတ်လမှာ ထိုင်းနိုင်ငံကနေ ထွက်ပြေးလာပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ဟောင်ဟောင်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ဖို့ မျှော်မှန်း ထားတယ်လို့ သိရပါတယ်။

သူမဟာ ရက်ပိုင်းအတွင်းက တရုတ်နဲ့ ဂျပန်နိုင်ငံတွေကို ဆက်တိုက်သွားရောက်ခဲ့ပြီးနောက် ဟောင်ကောင်ကို ဆက်သွားဖို့ရှိနေပါတယ်။ ဟောင်ကောင်ဟာ သူမအတွက် ထောက်ခံမှုတွေ ပြန်လည်ရယူနိုင်ဖွယ်ရှိတဲ့ နေရာလဲ ဖြစ်တယ်လို့ အမျိုးသားဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌ ဆွမ်ချိုင် ဆာဝန်ကန်း က သံတမန် အသိုင်းအဝိုင်းက သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြောကြားလိုက်ပါတယ်။ ယင်လပ်ဟာ ဂျပန်ကို ရောက်ရှိနေစဉ်အတောအတွင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့တွေ့ဆုံဖို့ ကြိုးစားခဲ့တဲ့အပြင် စီးပွားရေးလုပ်ငန်းဟောင်းတွေ၊ နိုင်ငံရေးအချိတ်အဆက်တွေ ချိတ်မိဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

ယင်လပ်နဲ့ အစ်ကိုဖြစ်သူ သက်ဆင် တို့ဟာ တရုတ်ကို အတူသွားရောက်ခဲ့ပြီး ဂျပန်ကို ဆက်သွားခဲ့ကြာတာဖြစ်ပါတယ်။ ပြစ်မှုတွေအတွက် ထိုင်းအာဏာပိုင်တွေက အလိုရှိနေတဲ့ သက်ဆင်နဲ့ ယင်လပ် တို့နှစ်ဦးဟာ စနေနေ့ကတည်းက ဂျပန်ကိုရောက်ရှိနေခဲ့ကြပြီး အင်္ဂါနေ့မှာ ဟောင်ကောင်ကို ဆက်လက်ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။ ယင်လပ်ဟာ ဆန်စပါးဝယ်ယူမှုကြောင့် နိုင်ငံ့ဘဏ္ဍာလေလွင့် ဆုံးရှုံးစေမှုအတွက် တရားရုံးချုပ်က အမိန့်မချမီ ရက်ပိုင်းအလို ပြီးခဲ့တဲ့ သြဂုတ်လက သားဖြစ်သူနဲ့အတူ ထိုင်းနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ 

ယင်လပ်ဟာ ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေကျရောက်ဖို့ ၊  လက်ရှိစစ်အစိုးရအုပ်ချုပ်ရေးကို အနှောက်အယှက်တွေ ဖြစ်တဲ့ ပြည်တွင်းဝေဖန်မှုတွေဖြစ်ပေါ်လာဖို့ ကြိုးပမ်းမယ့်ပုံရှိတယ်လို့ ဆွမ်ချိုင် က ထင်ကြေးပေးထားပါတယ်။

ဘာသာပြန် > မိုးမမ