ယမ်းငွေ့ပြယ်၍ မြက်ခင်းစိမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၏ အုတ်မြစ်ကို ချမှတ်နိုင်ရေးအတွက် စိတ်ပိုင်းဖြတ်မှုဖြင့် ရဲရဲကြီး တက်လှမ်းလိုက်သော မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ကို ဂုဏ်ပြုကြိုဆိုလိုက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် နိုင်ငံရေးအင်အားစုတိုင်း အလေးအနက်နှလုံးသွင်း ဆင်ခြင်စရာ နိုင်ငံရေးသဘောထားတို့ ပြည့်လျှံနေသည်ဟု ဆိုချင်ပါသည်။ မွန်ပြည်သစ်ပါတီနှင့်လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခြင်းဖြင့် ဤသို့သော ပိုင်းဖြတ်ရဲရင့်သည့် ခြေလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) သည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစ၊ နိုင်ငံရေး ဆွေးနွေးပွဲတို့၏အစ၊ လက်နက်ကိုင် ပဋိပက္ခလျှော့ချခြင်း၏အစ၊ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် နိုင်ငံရေးပြဿနာများအား ညှိနှိုင်းအဖြေရှာမည့် နိုင်ငံရေးဖြစ်စဉ်၏အစ ဖြစ်သည်တို့ကို ထောက်ပြခဲ့ပါသည်။ ဤသို့သော အစဖြစ်ရပ်တို့၏ သမိုင်းအရ လေးနက်မှုကို ပေါ်လွင်စေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ ညီလာခံသည် သမိုင်းစဉ်တစ်လျှောက် ပထမဦးဆုံး စတင်ခဲ့သော နိုင်ငံရေး ဆွေးနွေးပွဲဖြစ်သကဲ့သို့ မည်ကဲ့သို့ ဆွေးနွေးရမည်ဆိုသော မူဘောင်များ စနစ်တကျ ရေးဆွဲပြီးမှ နိုင်ငံရေးသဘောတူညီချက်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သော နိုင်ငံရေးအခင်းအကျင်းသစ်ဟု ဖွင့်ဆိုရှင်းလင်းခဲ့ပါသည်။ ဤနိုင်ငံရေး အခင်းအကျင်းသစ်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခင်အစိုးရ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ကျေးဇူးတင်စကားမိန့်ကြားခဲ့ခြင်းသည် မင်္ဂလာတရားနှင့်ညီသော စကားကိုဆိုလိုက်ခြင်း ဖြစ်ပါသည်။

 

စက္ကန့်နှင့်အမျှ ပြောင်းလဲနေသော ကမ္ဘာကြီး၌ မတူကွဲပြားမှုများကို ပေါင်းစည်း၍ အင်အားအဖြစ် ပြောင်းလဲနိုင်မှသာ အနာဂတ်မျိုးဆက်သစ်တို့အတွက် ကမ္ဘာကလေးစားရသည့် စည်းလုံးညီညွတ် ခိုင်မာတောင့်တင်းသည့် နိုင်ငံတော်ကို အမွေအဖြစ် ထားရစ်နိုင်မည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်သည် နိုင်ငံရေးအင်အားစုအားလုံးက အလေးအနက် နှလုံးသွင်းရမည့် အခြေခံ နိုင်ငံရေးသဘောထား ဖြစ်ပါသည်။ကျွန်မတို့လက်ထက်မှာလည်း စစ်မီးမငြိမ်း၊ မြက်ခင်းမစိမ်းနိုင်သေးဘဲ ယမ်းငွေ့တွေ ဝေနေဦးမှာလား၊ ဆက်ပြီးတော့လည်း ယမ်းငွေ့တွေ ဝေနေစေချင်သေးတာလားဆိုတာကို ကိုယ့်ကိုယ်ကိုယ်မေးကြရမှာပါဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမေးစကားသည် တာဝန်သိသော နိုင်ငံရေးအင်အားစုတိုင်းက မိမိကိုယ်ကိုယ် မေးရမည့် မေးခွန်းဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ငြိမ်းချမ်းရေးခရီးဟာ တာဝေး ခရီးဖြစ်တဲ့အတွက် စိတ်ဓာတ်နဲ့ယုံကြည်မှုက အရင်းခံ ဖြစ်ပါတယ်။ အခုထိလည်း နိမ့်လိုက်မြင့်လိုက်၊ လျှောက်လိုက်ရပ်လိုက်နဲ့ အကွေ့အကောက်တွေကလည်း များလှပါတယ်။ ဒါပေမယ့် ကျွန်မတို့ စိတ်မပျက်ပါဘူး။ ကျွန်မတို့ လက်လျှော့မှာ မဟုတ်ပါဘူး။ ဆက်ပြီးလျှောက်မယ်။ ဆက်လက်ပြီး ကြိုးပမ်းသွားမယ်ဟု ပြောကြားခဲ့ခြင်းသည် ငြိမ်းချမ်းရေး ခရီး၌ ဆုပ်ကိုင်ရမည့် နိုင်ငံရေးသန္နိဋ္ဌာန်ကို ညွှန်ပြလိုက်ခြင်း ဖြစ်ပါသည်။

 

ပျော့ပျောင်းခြင်းသည် ပျော့ညံ့ခြင်းမဟုတ်၊ ညှိနှိုင်းခြင်းသည် အရှုံးပေးခြင်းမဟုတ်၊ တွေ့ဆုံဆွေးနွေးရန် စိုးရွံ့မနေရဟူသော သဘောတရားတို့ကို ခြုံငုံလျက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကရှေ့ကိုခြေတစ်လှမ်းတက်ဖို့ စိုးရွံ့မနေကြပါနဲ့။ ကျွန်မတို့ ကြောက်ရွံ့ရမှာက ကျွန်မတို့စိတ်ထဲမှာ ရှိနေတဲ့ ကြောက်ရွံ့စိတ်တွေပဲဖြစ်ပါတယ်  ဟု ပြောကြားခဲ့ခြင်းသည် တိုင်းပြည်ရေးရာ ကိစ္စရပ်တို့၌ ပြည်သူတိုင်း နှလုံးသွင်းရမည့် နိုင်ငံရေးခံယူချက်ကို လှစ်ဟလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 

(မြန်မာ့အလင်း)