ယခုနှစ်ကြံရာသီတွင် တောင်သူများနေဖြင့် တစ်တန်လျှင် ကျပ်သုံးသောင်းဝန်းကျင် ရရှိ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ကြံရာသီစတင်ပြီဖြစ်ရာ ကြံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် လုပ်အားခ၊ ကားခရှင်းပြီး တစ်တန်လျှင် ကျပ်သုံးသောင်းဝန်းကျင် ရရှိနေကြောင်း သိရှိရသည်။ 

 

စပါးနှင့် ပဲပြီးလျှင် အများဆုံးစိုက်ပျိုးကြသည့် ကြံသီးနှံမှာ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် စိုက်ဧက ၁၄၀ဝ၀ ကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။

 

“ဝယ်ယူမှု စတင်ခြင်း ကျွန်တော်တို့စက်ရုံက ဈေးနှုန်းချက်ချင်း မသတ်မှတ်နိုင်သေးပါဘူး။ တောင်သူတွေအတွက် တွက်ချေကိုက်အောင် ကြံခုတ်ခ၊ ကားခတွေ ကုန်ကျမှုရှိတော့ ခုရက်ပိုင်း တစ်တန်ကို ကျပ် ၄ သောင်းခွဲ သတ်မှတ်ခဲ့တယ်” ဟု ရေတာရှည်မြို့ အမှတ်(၆) သကြားစက်ရုံမှ လက်ထောက်စက်ရုံမှူး ဦးတင်ဌေးက ပြောသည်။

 

တောင်သူများအနေဖြင့် ကြံရောင်းချရာတွင် ခုတ်ခ၊ ကြံတင်ခ ၇၅၀ဝ ကျပ်၊ ကားခအဖြစ် ကြံတစ်တန်လျှင် ၆၅၀ဝ ကျပ်နှုန်း ပေးကြရပြီး ခရီးဝေးသည့် ဒေသများ၌ ယခုထက်ပိုမိုကုန်ကျမှုများ ရှိနေသော်လည်း တစ်တန်လျှင် ကျပ်သုံးသောင်းဝန်းကျင် အသားတင်ရရှိသည်ဟု အင်းပက်လက် ကျေးရွာနေ ဒေသခံ ဦးညီလေးက ပြောသည်။

 

စစ်တောင်းမြစ် အရှေ့ဘက်ကမ်းဒေသများမှ တောင်သူများအနေဖြင့် မြစ်ကူးတံတားမရှိခြင်းကြောင့် တောင်ငူမြို့ဘက်မှ ပတ်၍လည်းကောင်း၊ ဆွာမြို့ဝန်းကျင်ဒေသများမှ ကြံစိုက်တောင်သူများအနေဖြင့် ဆွာတိုးဂိတ်ကို ဖြတ်သန်းရသည့်အခါ တန်ပိုကြံများကို ပြန်ချရခြင်းကြောင့် ကြံများနေပူမိခြင်း၊ ရပ်နားထားသည့် ယာဉ်များက သယ်ယူသွားကြခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “ဆွာတိုးဂိတ်က တန်ပိုတင်လို့မရဘူး။ တောင်သူကလည်း ကိုယ်ရောင်းရမယ့် ကိုယ်တာအတွက် ကြံကိုပါအောင်တင်ချင်တာ။ ကြံတွေတန်ပိုလို့ ချရတော့ ကားလမ်းဘေး ဒီအတိုင်းပုံခဲ့ရတာ ဟိုကားကတင်သွားလိုက် ဒီကားကတင်သွားလိုက် လမ်းသွားလမ်းလာက ယူသွားလိုက်၊ နေက ပူလိုက်ဆိုတော့ တောင်သူတွေ နစ်နာမှုတွေအများကြီးရှိလို့ ဒီလိုကြံရာသီမှာ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်နိုင်ရင် ပိုကောင်းမယ်” ဟု ဆွာမင်းလမ်းကျေးရွာနေ ဒေသခံ ဦးမျိုးလွင်က ပြောသည်။                    
 

ကိုလွင်(ဆွာ)