ရန်ကုန် ဧပြီ ၂၅
ယခုနှစ်တွင် ရှမ်းပြည်နယ်စျေးကွက်သို့ သင်္ဘောသီးအဝင်များပြီး ရောင်းအားတက်သည့် အနေအထားရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။
ယခုနှစ်တွင် ကုန်ထွက်နှုန်းများသည့်အလျောက် ကုန်အဝင်ရှိသလောက်ကို ရောင်း၍ကုန်ရန် ကြိုးစားနေရကြောင်းလည်း သိရသည်။
"ကုန်ထွက်နှုန်းက ခုနှစ်ရက်တစ်ပတ်လည်ထွက်တယ်။ အသီးကလည်းများတယ်။ ဝင်လာသလောက် ဖြုန်းနိုင်ဖို့တော့ နည်းနည်းအားစိုက်ရောင်းရတာပေါ့။ အသီးအနှံကဒီအချိန်က ရောင်းရတာအဆင်ပြေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်ကပူတဲ့ရာသီ ဖြစ်တော့လေ။ ကျွန်မကခေါင်သီးပဲရွေးဝယ်လို့ရှိရင် ပေးရတဲ့ဈေးလည်း မြင့်တယ်။ ခြံထဲမှာ တစ်လုံးနဲ့ ကျပ် ၂၀၀၀ ဝယ်လို့ရှိရင် ကျွန်မက ၂၅၀၀ လောက်ရောင်းရတယ်။ ဝယ်လို အားရောင်းလိုအားကကျမသွားဘူး " ဟု သင်ဘောသီးရောင်းဝယ်ရေးလုပ်ကိုင်သည့် ကုန်သည်တစ်ဦးကပြောသည်။
ရှမ်းပြည်နယ်လက်လီဈေးကွက်တွင် သင်္ဘောသီးတစ်လုံးလျှင် အရွယ်အစားနှင့် အလုံး လှ မလှ ပေါ်မူတည်ကာ အနိမ့်ဆုံး ၁၀၀၀ ကျပ်မှ ၃၅၀၀ ထိဈေးရှိကြောင်း သိရသည်။
"ကျွန်မဆီမှာက လက်ကားသမားတွေများတယ်။ ဖရဲသီးကလည်းရှိနေတော့ သင်္ဘောသီးက နည်းနည်းနည်းတယ်။ ဒီအချိန်က သခွားမွှေးကလည်းပေါ်တယ်။ အဲဒီလိုအရည်ရွှမ်းတဲ့ အသီးတွေကလည်းပေါ်တယ်။ သင်္ဘောသီးက လက်လီဈေးမှာဆိုရင် အကောင်းဆုံးက တစ်လုံး ကျပ် ၃၀၀၀၊ ကျပ် ၃၅၀၀ အများဆုံးပေါ့။ အဲဒါကလည်း တစ်ပိဿာခွဲကျော်၊ နှစ်ပိဿာလောက်မှရတာပေါ့။ ကျန်တဲ့ အောက်ဆိုက်တွေကတော့ ကျပ် ၁၀၀၀၊ ကျပ် ၁၅၀၀ လောက်တွေလည်းပါတာပေါ့။ နေလောင်သီးဆိုရင်တော့ ရောင်းလို့မရဘူး။ သင်္ဘောသီးကတော့ အလုံးလှတာ၊ မလှတာပေါ်မူတည်ပြီးတော့ ဈေးနှုန်းပြောင်းလဲသွားတာပေါ့" ဟု အခြား ကုန်သည်တစ်ဦးက ဆိုသည်။
ကိုဗစ် မတိုင်ခင် ကာလများက ဧပြီလမှ အောက်တိုဘာလများတွင် သင်္ဘောသီးဈေးကွက် ကောင်းမွန်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့် ဒေသတို့မှ ထွက်ရှိသည့် သင်္ဘောသီးများကို ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
သင်္ဘောသီးအမှည့်ကိုစားသုံးသလို သင်္ဘောသီးအစိမ်းကိုလည်း သင်္ဘောသီးသုပ်၊ ယိုးဒယားသင်္ဘောသီးထောင်း စသည့် အမယ်များအပြင် အသုပ်စုံထဲတွင်လည်း အနည်းငယ်ထည့်၍ စားလေ့ရှိသည်။ သင်္ဘောသီးပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့် အပူအနည်းငယ်လျော့သည့် ဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။
Thit Taw