ရန်ကုန် ၊ ဧပြီ ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ တိုက်ကြီးနှင့် လှည်းကူးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်းများသို့ ပဲခူးရိုးမမှဆင်အုပ်များ  နှစ်စဉ် ဝင်‌ရောက်စားသောက်ခြင်းနှင့် လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားခြင်းတို့ ကြုံတွေ့ရလေ့ရှိရာ ယခုနှစ်နွေစပါး ရိတ်သိမ်းချိန်၌ ပဲခူးရိုးမမှ ဆင်များ ယနေ့အထိ ဝင်ရောက်လာခြင်းမရှိ၍ တောင်သူများ နွေစပါးများကို စိတ်အေးချမ်းသာစွာ ရိတ်သိမ်း နိုင်ခဲ့ကြောင်း လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

 

နှစ်စဉ် သင်္ကြန်ကာလရာသီဥတုပူပြင်းချိန်တွင် ပဲခူးရိုးမရှိ စမ်းချောင်းများ ရေခမ်းခြောက်မှု ကြောင့်ဆင်အုပ်များအတွက် အစာနှင့်ရေ ရှားပါးလာကာ ရိုးမတောင်ခြေကျေးရွာများအနီးနှင့် တောစပ် များရှိ အိုင်များနှင့်‌လျှိုမြောင်တို့တွင် ရေသောက်၍ စပါးခင်းများကို ညပိုင်းတွင် ဝင်ရောက်စား သောက်လေ့ရှိရာ  နံနက်ပိုင်း တောင်သူများ  စပါးခင်းသို့ လာရောက်ချိန် ဆင်များနှင့်ကြုံတွေ့ရလေ့ရှိပြီး ဆင်နှင့်လူပဋိပက္ခဖြစ်ပေါ်မှုမရှိစေရန် သက်ဆိုင်ရာမြို့နယ်အလိုက် သစ်တောဦးစီးဌာနမှ တောဆင်များ ကိုမောင်းထုတ်ခြင်းနှင့် ကျေးရွာများတွင် အသိပညာ ပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

“ဒီအချိန်ဆိုရင် ရိုးမကဆင်တွေ စပါးခင်းတွေထဲဝင်ပြီး စားသောက်နေတာကြောင့် မောင်းထုတ်နေရတဲ့ အချိန်ပါ။ ဒီနှစ် နွေစပါးရိတ်သိမ်းချိန်မှာ ဆင်အုပ်တွေမလာတာက ရိုးမပေါ်မှာ သင်္ကြန်ကာလ မိုးရွာ သွန်းခဲ့လို့ အင်းအိုင်တွေရေဝင်ပြီး ရေရခဲ့တဲ့အတွက် ဆင်အုပ်တွေ တောင်အောက်ကို ဆင်းမလာကြတာ ဖြစ်ပါလိမ့်မယ်။ နွေစပါးရင့်မှည့်နေချိန်ဆိုရင် ပုံမှန်ဝင်ရောက်လေ့ရှိတာကြောင့် မနှစ်က သုံး၊ လေးရွာတော့ ဆင်ဝင်သွားပါတယ်။ မတ်လဆိုရင် တောင်ပေါ်ကဆင်း လာပြီး သင်္ကြန်ကာလမှာ စပါးခင်း၊ ကြံခင်းတွေစားပြီးတော့ မိုးသံကြားတာနဲ့ တောင်ပေါ်ကို ပြန်တက်လေ့ရှိပါတယ်။ ဒီနှစ်မှာ ဧပြီလကုန်တော့ပေမယ် ရွာနီးစပ်နဲ့စပါးခင်းတွေထဲဆင်ဝင်တဲ့အသံ မကြားရသေးပါဘူး။ တောင်သူတွေ အတွက်တော့ စိတ်အေးချမ်းစရာပါပဲ။ အဓိက လူနဲ့ဆင်ပဋိပက္ခမဖြစ်အောင် ဌာနအနေနဲ့ အသိပညာ ပေးလုပ်ငန်းတွေကို ရာသီအလိုက်စဉ်ဆက်မပြတ် ဆောင်ရွက်နေတဲ့အတွက် အရင်နဲ့စာရင် ဆင်နဲ့လူထိခိုက်မှုလည်း နည်းလာပါတယ်”ဟု လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဝင်းနိုင်က ပြောသည်။

 

ယမန်နှစ်က လှည်းကူးမြို့နယ်၌ လေးအိမ်စု၊ ရေနက်ကြီး၊ တောင်ထပ်ကျေးရွာစသည့် ရိုးမတောင်ခြေ အနီးရှိ ကျေးရွာများနှင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံ၊ စမ်းရွာ၊ မီးလောင်ကုန်း၊ ဖဒို၊ ပေနှစ်ဆယ်၊ ကွမ်းသီးမြှောင်၊ အလယ်မြှောင်၊ မအူခုံနှင့် ချောင်းစောက်ရွာတို့ရှိ စပါးခင်းများနှင့်ကြံခင်းများသို့ ဆင်များ ဝင်ရောက်ခဲ့ပြီး ဆင်အုပ်တစ်အုပ်လျင် ကောင်ရေ ၁၀ ကောင်မှ ၁၅ ကောင်အထိ လှည့်လည်သွား လာခဲ့ကြကာ အချို့သင်းကွဲဆင်များလည်း ပါဝင် ကြောင်း၊ ပဲခူးရိုးမမှ ဆင်းလာသော ဆင်အုပ်များသည် တောင်ခြေစပါးခင်းများအနီးနှင့် တောစပ်၊ လျှိုမြောင်တို့တွင် နေထိုင်ကြလေ့ရှိပြီး မေလ နှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းတို့တွင် ရိုးမတောအတွင်းသို့ ပြန်လည်ဝင်ရောက်ကြလေ့ရှိကြောင်းသိရသည်။

 

မြန်မာနိုင်ငံတွင် ဆင်များကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်အဖြစ် သတ်မှတ်ထားပြီး သတ်ဖြတ်မှုကိုလည်း တားမြစ်ထားရာ စိုက်ခင်းနှင့်ကျေးရွာတွင်းသို့ တောဆင်ရိုင်း များ မဝင်ရောက်နိုင်ရန် လူနှင့်ဆင် အသက်အန္တရာယ်ထိခိုက်မှုမရှိနိုင်သော လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ လျှပ်စစ်ခြံစည်းရိုးများ တပ်ဆင်နိုင်ရေး သစ်တောဦးစီးဌာနနှင့် NGO အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးစပါးရာသီ၌ တောဆင်ရိုင်းများ ဝင်ရောက်လာမှုမရှိ၍ ကျေးရွာများတွင် ရိတ်သိမ်းနေသော နွေစပါးစိုက်ခင်းများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

သစ္စာ(MNA)