(ယခင်တရားရုံးသစ်) ယခု Rose Wood Yangon Hotel အား အပြာရောင်ကမ္ပည်းပြား ၃၁ ခုမြောက် တပ်ဆင်

ရန်ကုန် ၄ သြဂုတ်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် သြဂုတ် ၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဘဏ်လမ်း၌ ကျင်းပသည့် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ယခင် (တရားရုံးသစ်) ယခု ROSE WOOD YANGON HOTEL အား ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ရှေးဟောင်းအမွေအနှစ် အထိမ်းအမှတ်အဖြစ် (၃၁)ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းဖြစ်ပြီး အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။


ထို့နောက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်ဦးနှင့် တာဝန်ရှိသူများက အမှတ်တရ စကားများပြောကြားခဲ့ကြသည်။

 

1


ရန်ကုန်မြို့၌ အထင်ကရအမွေအနှစ် အဆောက်အအုံပေါင်း ၁၈၉ ခုရှိရာ တစ်ခုအပါအဝင်ဖြစ်သော ယခင် (တရားရုံးသစ်) ယခု ROSE WOOD YANGON HOTEL သည် အလောင်းမင်းတရားလက်ထက်၌ အကောက်ခွန်ဌာနအဖြစ် ပထမဆုံးအုတ်မြစ်ချ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးခဲ့ကာ ၁၈၆၈ ခုနှစ်၌ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ အင်ဂျင်နီယာ ဟန်နရီဟွိုင်းဖော့စ်က ပုံစံရေးဆွဲ ပြန်လည်တည်ဆောက်၍ ခရိုင်တရားရုံးများအဖြစ် အသုံးပြုခဲ့သည်။


ယင်းတရားရုံးသစ် အဆောက်အအုံအား ဆစ်ဒနီရှိ Harbour Bridge ဆောက်လုပ်ရာတွင် သုံးခဲ့သည့် စတီးဘောင်အမျိုးအစားကို အသုံးပြု၍ ၁၉၂၇ ခုနှစ်တွင် အာရှ၌ ပထမဆုံးသော ဆောက်လုပ်ခဲ့သော ထပ်မြှင့်အဆောက်အအုံဖြစ်ပြီး ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့ကာ ပုလိပ်ရုံးအဖြစ်လည်း ခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် ပြည်သူရဲဌာနချုပ်၊ လေကြောင်းဦးစီးဌာနနှင့် အစိုးရဌာနများစွာ ရုံးစိုက်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။


ROSE WOOD YANGON HOTEL သည် ဆယ်စုနှစ်များစွာ လျစ်လျူရှုခြင်းခံခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် အသုံးမပြုနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့၍ ၂၀၁၂ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ငှါးရမ်းရန်တင်ဒါများဖိတ်ခေါ်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် Prime Residence တို့ ငှါးရမ်းစာချုပ် ချုပ်ဆိုခဲ့ကြသည်။


ယခုအခါ ROSE WOOD YANGON HOTEL အဖြစ် တည်ရှိနေပြီး ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ကာ (၃၁)ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။


ဆန်းကျော်ဦး (ပြန်/ဆက်)