ယီမင်တောင်ပိုင်း၌ ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှတိုက်ခိုက်ကလေး ခုနစ်ဦးအပါအဝင် ၁၆ ဦး သေဆုံး

ဒူဘိုင်း ၂၄ စက်တင်ဘာ

ယီမင်နိုင်ငံတောင်ပိုင်းရှိ ဟူသီသူပုန်တပ်ဖွဲ့များကို စက်တင်ဘာ ၂၄ ရက်တွင် ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လေကြောင်း စီးနင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ကလေး ခုနစ်ဦး အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများနှင့် ဆရာဝန်တစ်ဦးက ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယီမင်နိုင်ငံတောင်ပိုင်း ဒါလာပြည်နယ်အတွင်းရှိ လူနေဒေသများကို ပစ်မှတ်ထား၍ ဆော်ဒီအာရေဗျက ဦးဆောင်သည့် ညွန့်ပေါင်းလေတပ်မှ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး နှင့် ကလေးများအပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း၊ အခြားလူကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမည်မဖော်သည့် ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

လဘ်ပြည်နယ်ရှိ အယ်လ်ဘာ ဝါရာဆေးရုံမှ ဆရာဝန်တစ်ဦးက အဆိုပါဆေးရုံသို့ သယ်ယူလာခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ရုပ်အလောင်းများတွင်ကလေး ခုနစ်ဦးနှင့် အမျိုးသမီး လေးဦးတို့၏ ရုပ်အလောင်းများ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

ပြစ်တင်ပြောကြား

ယင်းဖြစ်ရပ်မှာ ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များက ယီမင်ပြည်သူများအပေါ် ရန်စကျူးကျော်မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်ကြောင်း အီရန်က ထောက်ခံမှုပေးထားသည့် ဟူသီသူပုန်အဖွဲ့၏ ပြစ်တင်ပြောကြားမှုကို ၎င်းအဖွဲ့က ပိုင်ဆိုင်သည့် အယ်လ်မာဆီရာချ် ရုပ်မြင်သံကြားသတင်း၌ ထုတ်လွှင့်ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆော်ဒီအာရေဗျက ဦးဆောင်သည့်ညွန့်ပေါင်းတပ်ဖွဲ့မှ လတ်တလောတွင် မှတ်ချက်ပြုပြောကြားခြင်း မရှိပေ။ ယီမင်အစိုးရအဖွဲ့အား ကျောထောက်နောက်ခံပြုသည့် ဆော်ဒီအာရေဗျက ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ၂၀၁၅ ခုနှစ်မှစတင်ကာ ယီမင်ပြည်တွင်းစစ်တွင် ပါဝင်စွက်ဖက်ကတည်းက အရပ်သားအများစုပါဝင်သည့် ယီမင်ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်သည်။

ယီမင် ပြည်တွင်းစစ်အတွင်း၌ လူပေါင်း ၂၄ ဒသမ ၁ သန်းခန့်မှာ နေအိမ်များကို စွန့်ခွာပြောင်းရွှေ့ခဲ့ရသည်။

ကိုးကား အေအက်ဖ်ပီ

ဘာသာပြန် -ဇော်ဝင်း