ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် ကြက်ဥနှင့် ဆန်ရိက္ခာထောက်ပံ့ငွေများ ပေးအပ်

ဖြူး ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ ဖြူးမြို့နယ်အတွင်းသို့ ရောက်ရှိခိုလုံလာသည့် ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် ဇူလိုင် ၆ ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် ဌာနဆိုင်ရာများမှ ဆန်ရိက္ခာထောက်ပံ့ငွေနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူတို့နှင့်အတူ ဖြူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ရွာတန်းရှည်ကျေးရွာအုပ်စုရှိ ခေမာသီဝံ ဘုန်းကြီးကျောင်း၊ ဖြူးအရှေ့ကျေးရွာအုပ်စုရှိ နတ်ရေကန်ဘုန်းကြီးကျောင်း၊ ထန်းကုန်းရပ်ကွက် မြို့အရှေ့ဘုန်းကြီးကျောင်းနှင့် ခင်တန်းကြီးကျေးရွာအုပ်စု၊ သဘာဝတရားရိပ်သာများသို့ သွားရောက်ပြီး ကျောက်ကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ ဖြူးမြို့နယ်အတွင်းသို့ ရောက်ရှိခိုလုံလာသည့် ယာယီတိုက်ပွဲရှောင် ပြည်သူများ၏ လက်ဝယ်အရောက် ဆန်ရိက္ခာထောက်ပံ့ငွေနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ရာတွင် ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၁၁၉)စုနှင့် လူဦးရေ (၉၇၆၃)ဦးတို့အတွက် ဆန်ရိက္ခာ (၁)ပတ်စာဖိုး ထောက်ပံ့ငွေ ကျပ် ၂၀၅၀၂၃၀ဝ နှင့် ကြက်ဥအလုံး (၆၀၀) တန်ဖိုးငွေ ကျပ် ၁၀၀၀၀ဝ တို့အား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)