ဝါရင့်ဂိုးသမား ဘရာဗို မန်စီးတီးအသင်းမှ ထွက်ခွာ

၂၀  ဩဂုတ်

ဝါရင့်ဂိုးသမား ကလက်ဒီယိုဘရာဗိုသည် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မန်စီးတီးအသင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်သော ချီလီဂိုးသမား ဘရာဗိုသည် ၂၀၁၆ ခုနှစ်တွင် စပိန်နာမည်ကြီး ဘာစီလိုနာအသင်းမှ ပေါင် ၁၅ ဒသမ ၄ သန်းနှင့်အတူ လေးနှစ်စာချုပ်ဖြင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။

ဘရာဗိုသည် ၂၀၁၇ ခုနှစ်တွင် မန်စီးတီးအသင်းသို့ ဘရာဇီး ဂိုးသမားဖြစ်သူ အီဒါဆင် ရောက်ရှိလာပြီး နောက်ပိုင်း ပွဲထွက်ခွင့် နည်းပါးလာခဲ့ကြောင်း သိရသည်။ ၎င်းသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၃၀ အထိ ပါဝင် ကစားခဲ့သော်လည်း နောက်ပိုင်းပွဲရာသီများတွင် ပွဲထွက်ခွင့် အနည်းငယ်သာရရှိခဲ့သည်။ ဘရာဗိုသည် မန်စီးတီးအသင်းအတွက် လေးနှစ်တာကာလအတွင်း ပြိုင်ပွဲအရပ်ရပ် ၆၁ ပွဲသာ ပါဝင်ကစား ထားရကြောင်းလည်း သိရသည်။ ၎င်းသည် ထို ၆၁ ပွဲတွင် ဂိုးမပေး ရအောင် ပွဲ ၂၀ အထိ စွမ်းဆောင်ထားနိုင်ကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် ၎င်း၏ ပွဲဦးထွက်ပွဲစဉ်ကို ၂၀၁၆ ခုနှစ်တွင် မန်ချက်စတာဒါဘီအဖြစ် အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ် ဖြစ်သည်။ သို့သော်လည်း အသင်းသို့ ဘရာဇီးဂိုးသမား အီဒါဆင် ရောက်ရှိလာပြီးနောက် ဘရာဗိုကို ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သာ အသုံးပြုခဲ့ သည်။ ၎င်းသည် မူလက မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဇွန်လတွင် ထွက်ခွာရန် ရည်ရွယ်ထားခဲ့သော်လည်း အသင်းနှင့် ကာလတိုစာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့သည့် အတွက် အသင်း၏ နောက်ဆုံးပွဲစဉ်အထိ ဆက်လက်ရှိနေခြင်း ဖြစ်သည်။

ဘရာဗိုသည် ဘိုင်ယန်မြူးနစ်အသင်းမှ နည်းပြဂွါဒီယိုလာ မန်စီးတီးအသင်း သို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ပထမဆုံးခေါ်ယူသည့် ကစားသမားတစ်ဦး ဖြစ်သည်။ မိခင်နိုင်ငံချီလီအသင်းအတွက် ပွဲပေါင်း ၁၂၃ ပွဲ ပါဝင်ကစားထားသော ဘရာဗိုသည် မန်စီးတီးအသင်း၌ ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တို့တွင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးထားနိုင်သူဖြစ်ပြီး အီးအက်ဖ်အယ်လ် ဖလားကိုလည်း ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ်နှင့် ၂၀၁၉-၂၀၂၀ ခုနှစ် တို့တွင် ဆွတ်ခူးရရှိထားသည်။ ထို့အပြင် အက်ဖ်အေဖလားကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရရှိထားကာ ကွန်မြူနတီဒိုင်းကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဆွတ်ခူးရရှိကြောင်း မှတ်တမ်းများအရ သိရသည်။

မန်စီးတီးအသင်းမှ အသက် ၃၄ နှစ်အရွယ်ရှိ ဒေးဗစ်ဆေးဗားလ်သည်လည်း အီတီဟတ်မှ ထွက်ခွာကာ စပိန်ကလပ် ဆိုစီဒက်အသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိသွားပြီဖြစ်သည်။ ‌ဆေးဗားလ်သည် မန်စီးတီးအသင်း အတွက် ပြိုင်ပွဲအရပ်ရပ် ၄၃၆ ပွဲ ပါဝင်ကစားထားကာ ၇၇ ဂိုးသွင်းယူပေးထားနိုင်ပြီး အသင်းအား ဆုဖလား ၁၄ လုံးရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူဖြစ်သည့် အတွက် အသင်းတာဝန်ရှိသူများအနေဖြင့် ဆေးဗားလ်ကို ရုပ်တုထုလုပ်ကာ အီတီဟတ် ကွင်းအပြင်ဘက်တွင် ထားရှိသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ဆေးဗားလ်သည် ကနဦးတွင် မန်စီးတီးအသင်းမှ ထွက်ခွာပြီး လာဇီယိုအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် သတင်းများထွက်ပေါ်နေ သော်လည်း နောက်ဆုံးတွင် စပိန်ကလပ် ရီးရဲဆိုစီဒက် အသင်းသို့သာ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။

အောင်ဇော်