ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်

နွယ်နီလင်း

၁၉၄၇ ခုနှစ်၌ အိန္ဒိယ-ပါကစ္စတန်နှစ်နိုင်ငံ ကွဲသွားပြီးနောက် ၇၅ နှစ်အကြာတွင် အိန္ဒိယနိုင်ငံသားဖြစ်သူ စီကာခန်းသည် ပါကစ္စတန်သို့ ရောက်ရှိသွားသည့် ၎င်း၏အစ်ကိုဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းမိချိန်တွင် သူ့ပါးပြင်ပေါ်သို့ ဝမ်းသာမျက်ရည်များ တစ်စက်ပြီးတစ်စက် ကျဆင်းလာသည်ကိုပင် သတိမထားမိတော့ချေ။

သူ့ဘဝခရီးကြမ်း

ကိုလိုနီအုပ်ချုပ်မှုအပြီး အိန္ဒိယကို နှစ်နိုင်ငံခွဲခြမ်းပြီးနောက် သူ၏အစ်ကိုဖြစ်သူ ဆာဒက်ခန်းနှင့် ကွဲကွာသွားချိန်တွင် စီကာ့အသက်မှာ ခြောက်လသာ ရှိသေးသည်။

ယခုနှစ်သည် အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံဟူ၍ လွတ်လပ်သည့် နိုင်ငံနှစ်ခု ထူထောင်လိုက်ပြီးနောက် လူမျိုးရေးဆိုင်ရာ ပဋိပက္ခများနှင့် သွေးချောင်းစီးသတ်ဖြတ်မှုများကြောင့် လူပေါင်းတစ်သန်းကျော် သေဆုံးခဲ့မှုနှင့်အတူ စီကာတို့မိသားစုကဲ့သို့ အခြားသော မိသားစုများစွာ ကွဲကွာခဲ့ရသည့် ၇၅ နှစ်မြောက် အချိန်အခါပင်ဖြစ်သည်။ အဆိုပါ အဓိကရုဏ်းကာလအတွင်း စီကာ့၏ ဖခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့ နှစ်ဦးမှာ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်သာရှိသေးသည့် ၎င်း၏ အစ်ကိုဖြစ်သူ ဆာဒစ်မှာ ပါကစ္စတန်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

“အဲဒီစိတ်နဲ့ပဲ ကျွန်တော့် အမေဟာလည်း မြစ်ထဲကိုခုန်ချပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားတော့တာပါပဲ။ ကျွန်တော်ကတော့ ရွာသားအချို့နဲ့ အမျိုးတွေက ကရုဏာသက်ပြီး ခေါ်ထားလိုက်တာနဲ့ ဒီရွာမှာပဲကျန်ခဲ့တာ” ဟု ခွဲထွက်ရေးကာလ ဘဝခရီးကြမ်းကို ကြုံတွေ့ခဲ့ရသည့် စီကာက အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပန်ဂျပ်ပြည်နယ် ဘာတင်ဒါခရိုင်ရှိ ၎င်း၏ ရိုးရှင်းသော အုတ်အိမ်လေးကို ညွှန်ပြရင်းပြောသည်။

မျှော်လင့်ချက်ရောင်ခြည်

စီကာက ကလေးဘဝကတည်းက သူ့မိသားစု၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် အစ်ကိုဖြစ်သူကို ရှာဖွေရန် ဆန္ဒရှိခဲ့သည်။ သို့သော်လည်း ၎င်း၏ အိမ်နီးချင်းဖြစ်သူ ဆရာဝန် တစ်ဦးက အကူအညီပေးရန် ကမ်းလှမ်းလာသည့် လွန်ခဲ့သောသုံးနှစ်ခန့်ကအထိ သူ့အိပ်မက်ကို အကောင်အထည်ဖော်ရန် ဖင့်လေးနေခဲ့သည်။ သို့သော် ကံကြမ္မာ ဖန်လာသည်ဟုဆိုရမည်ပင်။ ပါကစ္စတန် ယူကျုဘာတစ်ဦးဖြစ်သူ နာဆီယာဒေလင်၏ အကူအညီဖြင့် အကြိမ်များစွာ ဖုန်းအဆက်အသွယ်ရခဲ့ပြီးနောက် ၎င်း၏ အစ်ကိုဖြစ်သူ ဆာဒက်ခန်းနှင့် ပြန်လည် တွေ့ဆုံနိုင်ခဲ့သည်။ နောက်ဆုံးတွင် ညီအစ်ကိုနှစ်ဦးသည် အိန္ဒိယဆစ်ခ်လူမျိုး ဘုရားဖူးများအား ပါကစ္စတန်ရှိ ဘုရားကျောင်းသို့ ရှားရှားပါးပါး ဗီဇာကင်းလွတ်ခွင့်ဖြင့် လာရောက်ခွင့်ပြုသည့်အချိန် ဇန်နဝါရီလ၌ ကတ်တာပါစင်္ကြံတွင် တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ အကြား သဘောထားတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် အဆိုပါကတ်တာပါစင်္ကြံသည် ကွဲကွာနေသော မိသားစုများအတွက် စည်းလုံးညီညွတ်မှုနှင့် ပြန်လည်သင့်မြတ်ရေး၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

“ကျွန်တော်ကတော့ အိန္ဒိယနိုင်ငံသားဖြစ်ပြီး ကျွန်တော့်အစ်ကို ဖြစ်သူကတော့ ပါကစ္စတန်နိုင်ငံသား တစ်ဦးဖြစ်နေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာပါ။ ပထမအကြိမ် တွေ့တုန်းကဆိုရင် ပွေ့ဖက်ပြီး ငိုခဲ့ကြတယ်။ နိုင်ငံတွေအချင်းချင်း ဘယ်လိုပဲ တိုက်ခိုက်နေကြပါစေ၊ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ မေတ္တာကတော့ အမြဲတမ်း ခိုင်မာနေမှာပါ”ဟု ပေါင်ခတ် ထားသည့် မှုန်ဝါးဝါး မိသားစုဓာတ်ပုံကို ကိုင်လျက် စီကာက ဆိုသည်။

ပြန်လည်ပေါင်းစည်း

ပါကစ္စတန် လယ်သမားနှင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၃၈ နှစ်အရွယ် မွတ်စလင်တစ်ဦးဖြစ်သူ ဒေလင်သည် ၎င်း၏သူငယ်ချင်းဖြစ်သူ ပါကစ္စတန်နိုင်ငံသား ဆစ်ခ်လူမျိုး ဖြစ်သည့် ဘူပင်ဒါဆင်းနှင့်အတူ ၎င်း၏ ယူကျုချန်နယ်မှတစ်ဆင့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများရှိ ကွဲကွာနေသည့် မိသားစု ၃၀၀ ခန့်ကို ပြန်လည်ပေါင်းစည်းရန် ကူညီပေးခဲ့သည်။

“ဒီအလုပ်ကို ကျွန်တော် ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာအတွက် လုပ်တာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော့် အတွင်းစိတ်က အကြင်နာတရားနဲ့ ဝါသနာကြောင့် ဒီလိုလုပ်ဖြစ်တာပါ။ ဒီအဖြစ်အပျက်တွေဟာ ကျွန်တော့် အဘိုးအဘွားတွေရဲ့ ပုံပြင်တွေလို့ ခံစားရ တယ်။ ဒါကြောင့် ဒီသက်ကြီးရွယ်အို တွေကိုကူညီရင်း ကိုယ့်အဘိုးအဘွားတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနေသလို ခံစားရတယ်။ စီကာခန်းတို့ ညီအစ်ကိုတွေ ကတ်တာပါမှာ ပြန်ဆုံတွေ့ကြတုန်းကဆိုရင် ကျွန်တော်တင်မကပဲ ခြံဝင်းထဲက လူ ၆၀၀ လောက်က ညီအစ်ကိုတွေ ပြန်တွေ့တာကိုမြင်ရတော့ ဝမ်းသာလွန်းလို့ အားလုံးငိုကြတယ်” ဟု ဒေလင်က ပြောသည်။

ဘဝခရီးကြမ်းတွေ

ဗြိတိသျှ ကိုလိုနီများသည် အိန္ဒိယတိုက်ငယ်ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖြိုခွင်းခဲ့ချိန်တွင် သန်းနှင့်ချီသော ဟိန္ဒူ၊ ဆစ်ခ် နှင့် မွတ်စလင်များ ထွက်ပြေးခဲ့ကြသည် ဟု ယုံကြည်ရသည်။ ယင်းကာလအတွင်း လူပေါင်း တစ်သန်းခန့် အသတ်ခံရသည်ဟု ခန့်မှန်းထားသော်လည်း အချို့မှာ အဆိုပါ ကိန်းဂဏန်းထက် နှစ်ဆရှိသည်ဟုပင် ဆိုကြသည်။ ဟိန္ဒူနှင့် ဆစ်ခ်လူမျိုး များသည် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြပြီး မွတ်စလင်လူမျိုးများသည် အခြား ဆန့်ကျင်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ထောင်နှင့်ချီသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံခဲ့ကြရပြီး နိုင်ငံသစ်နှစ်ခုကြားရှိ ဒုက္ခသည်များကို တင်ဆောင်လာသော ရထားတွဲများ၌ အလောင်းများဖြင့် ပြည့်နှက် နေသည်ဟုဆိုသည်။

နှစ်နိုင်ငံကွဲပြားမှုများသည် ယနေ့ထိတိုင် တည်တံ့ခဲ့ပြီး ယင်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ ဆက်စပ်မှုများ ရှိနေသော်လည်း နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းများကြား ခါးသီးသော ပြိုင်ဆိုင်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။

စီကာတို့ ညီအစ်ကိုကဲ့သို့ပင် ပြန်လည်တွေ့ဆုံနိုင်ခဲ့သည့် ဘယ်ဒက်ဆင်းနှင့် ဂါမွတ်ဆင်းတို့ ညီအစ်ကိုနှစ်ဦးသည် ပါကစ္စတန်တွင် ကြီးပြင်းလာခဲ့ရသည့် မွတ်ဆလင်တစ်ဦးဖြစ်သည့် ၎င်းတို့၏ အဖေတူ အမေကွဲ အစ်မဖြစ်သူ မွမ်တက်ဘီဘီနှင့် ပြန်လည်တွေ့ဆုံချိန်တွင် အားပါးတရ ပွေ့ဖက်ရန်အတွက် တုံ့ဆိုင်းမှုပင် မရှိကြချေ။

အဓိကရုဏ်းများအတွင်း မွေးကင်းစ ကလေးငယ်သူမအား သေဆုံးနေသည့် မိခင်နှင့်အတူ တွေ့ရှိခဲ့ပြီးနောက် မွတ်စလင်စုံတွဲတစ်တွဲက မွေးစားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ပျောက်ဆုံးခဲ့ပြီးနောက် အဖေဖြစ်သူက ဇနီးနှင့်သမီး သေသွားပြီအထင်ဖြင့် ထုံးစံအတိုင်း ဇနီး၏ ညီမ ဖြစ်သူနှင့် လက်ထပ်ခဲ့သည်။ ဆင်းညီအစ်ကိုကလည်း ဒေလင်၏ ယူကျု ချန်နယ်မှတစ်ဆင့် ၎င်းတို့၏ အစ်မဖြစ်သူ အသက်ရှင်နေသေးကြောင်း သိရှိခဲ့ရပြီးနောက် ဖုန်းအဆက်အသွယ် ရရှိကာ ယခုနှစ် အစောပိုင်းတွင် ပြန်လည်တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အစ်မဟာ မွတ်စလင်ပဲ ဖြစ်ဖြစ်၊ ပါကစ္စတန်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူ့ရဲ့ခန္ဓာကိုယ်မှာ စီးဆင်းနေတဲ့ သွေးဟာ ကျွှန်တော်တို့ ညီအစ်ကိုရဲ့ သွေးနဲ့အတူတူပါပဲ။ သူ့ကို ပြန်တွေ့တဲ့ အချိန်မှာ ကျွှန်တော်တို့ဟာ လုံးဝအတိုင်း အဆမရှိ ဝမ်းသာပျော်ရွှင်မိပါတယ်”ဟု အသက် ၆၅ နှစ်အရွယ် ဘယ်ဒက်ဆင်း က ဆိုသည်။

ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ချက်

မည်သို့ပင်ဆိုစေကာမူ နယ်မြေအကန့်အသတ်များဖြင့် ပေါင်ခတ်၍ မရနိုင်သည့် ချစ်ခြင်းမေတ္တာနှင့် အတိုင်းအဆမရှိသော မျှော်လင့်ချက်တို့သည် အဆိုပါ နှစ်နိုင်ငံအကြားက မတူကွဲပြား မှုများနှင့် နယ်နိမိတ်ကန့်သတ်ချက်များကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကာ မိသားစုများကို ပြန်လည်တွေ့ဆုံစေ နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ 

 ကိုးကား - အေအက်ဖ်ပီ