ဝါးများရှားပါးလာခြင်းနှင့် ဈေးနှုန်းကြီးလာခြင်းကြောင့် ထိုင်ခုံရက်လုပ်သူများ အခက်ကြုံနေရ

မန္တလေး ၂ ဇူလိုင် 


ဝါးများရှားပါးလာခြင်းနှင့်အတူ ဈေးနှုန်းကြီးလာခြင်းကြောင့် ဝါးဖြင့် ခုံရက်လုပ်သူများ အခက်ကြုံနေရကြောင်း ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ခုံရက်လုပ်သူများထံမှ သိရသည်။

 
"မျှစ် ပီနံအိတ်တစ်လုံးစာလောက် ချိုးလိုက်ရင် ဝါးထော်လာဂျီ အသေးတစ်စီးစာလောက်ရှိတယ်။ အဲလို မျှစ်ချိုးတာတွေကြောင့်ရယ် အခုလို လုပ်ငန်းသုံးတာတွေကြောင့် ဝါးတွေရှားပြီး ဈေးတွေ မြင့်တက်လာတာ"  ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာရှိ ဝါးထိုင်ခုံ ရက်လုပ်သူ ဦးမောင်အေးက ပြောသည်။


ဝါးခုံများကို အုန်းချောကျေးရွာ အမှတ်(၃) ရပ်ကွက် မန္တလေး-ပြင်ဦးလွင် ရထားသံလမ်းဘေးရှိ နေအိမ်ဝန်းများတွင် အဓိက ရက်လုပ်ကြသည်။ ရက်လုပ်ပြီး ဝါးခုံများကို မန္တလေး-ပြင်ဦးလွင် ကားလမ်းဝဲယာရှိ ဈေးဆိုင်များသို့ တင်ပို့ရပြီး ဝါးတစ်ယောက်ထိုင်ခုံ တစ်လုံးလျှင် ၂၅၀ဝ ကျပ်၊ နှစ်ယောက်ထိုင် ထိုင်ခုံတစ်လုံးလျှင် ၄၅၀ဝ ကျပ်နှင့် တင်သွင်းရကြောင်း သိရသည်။

 

1


“ဝါးဈေးတွေက ကြီးပေမယ့် ဖောက်သည်ဆိုင်တွေက ဈေးတက်မပေးကြဘူး။ လမ်းဘေးမှာ ကိုယ်ပိုင်ရောင်းချဖို့ကျ နေရာမရှိလို့ ဆိုင်တွေကို ပို့ပေးနေရတာပါ”  ဟု ဝါးထိုင်ခုံရက်လုပ်သူ ကိုလင်းလင်းမှ ပြောသည်။


ဝါးထိုင်ခုံများကို ရာသီချိန်ဖြစ်သည့် နွေရာသီတွင် အရောင်းသွက်သော်လည်း မိုးရာသီနှင့် ဆောင်းရာသီများတွင် အရောင်းပါးသဖြင့် စားလောက်ရုံမျှသာရှိကြောင်း သိရသည်။ ယခင်က ဝါးဈေးမှာ ဝါးဘိုးဝါး တစ်လုံးလျှင် ၇၀ဝ ကျပ်၊ သနပ်ဝါး တစ်လုံးလျှင် ၃၀ဝ ကျပ်နှင့် မြင်ဝါးသေး တစ်လုံးလျှင် ၁၅၀ ကျပ် ဝယ်ရသော်လည်း ယခုအခါ ဝါးဈေးမှာ ဝါးဘိုးဝါးတစ်လုံးလျှင် ၁၀ဝ၀ ကျပ်၊ သနပ်ဝါး တစ်လုံးလျှင် ၅၀ဝ ကျပ်နှင့် မြင်ဝါးသေး တစ်လုံးလျှင် ၃၀ဝ ကျပ်အထိ မြင့်တက်လာပြီး ဝါးကုန်ကြမ်းများမှာလည်း ရှားပါးလာနေကြောင်း သိရသည်။ ထို့ပြင် ဝါးထိုင်ခုံ ရက်လုပ်သူ ဦးရေမှာလည်း အခက်အခဲ အမျိုးမျိုးကြောင့် လျော့နည်းလာပြီဖြစ်ကြောင်း ဝါးထိုင်ခုံ ရက်လုပ်သူများ၏ ပြောပြချက်များအရ သိရသည်။


တင်ဇာလှိုင် (ပြန်/ဆက်)

 

1