ဝက်လူးဘူတာနှင့် နွားထိုးကြီးဘူတာအကြား မီးရထားစက်ခေါင်း လမ်းချော်တိမ်းမှောက်မှုဖြစ်ပွား

နွားထိုးကြီး  ၂၀  အောက်တိုဘာ  

 

မန္တလေး-ပုဂံ ပြေးဆွဲပေးနေသည့် အမှတ်(၁၂၀ - အစုန်) ခရီးသည်တင် အမြန်ရထားတစ်စီး အောက်တိုဘာ ၁၉ ရက်ညပိုင်းက ဝက်လူးဘူတာနှင့် နွားထိုးကြီးဘူတာအကြား မိုင်တိုင်အမှတ် ၃၉၈/၂၀၊ ၂၂ ကြားတွင် ရထားစက်ခေါင်း လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ည ၁၂ နာရီ ၄၆ မိနစ်ခန့်က မန္တလေးဘူတာမှ ည ၉ နာရီ ထွက်ခွာလာသော မန္တလေး-ပုဂံ အမှတ်(၁၂၀) အစုန်အမြန်ရထား စက်ခေါင်းအမှတ် DD–1214 သည် ဝက်လူးဘူတာနှင့် နွားထိုးကြီးဘူတာအကြား မိုင်တိုင်အမှတ်  ၃၉၈/၂၀၊ ၂၂ ကြား ရောက်ရှိစဉ် ရုတ်တရက် ရထားစက်ခေါင်း လမ်းချော်မှုဖြစ်ပွား၍ ရထား၏ရှေ့ဘက်ခြမ်း စက်ခေါင်းမှာ ရထားနောက်တွဲနှင့် ချိတ်ဆက်ထားသည့် ဘာဘာရှပ် ကျိုးပဲ့ပြီး ရထားလမ်း၏ ညာဘက်သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ရထားစက်ခေါင်း တိမ်းမှောက်မှုကြောင့် ရထားမောင်းအကူ ဦးကျော်ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ရထားမောင်းနှင်သူ ဦးအောင်နိုင်မှာ လက်မောင်းတစ်ဖက်ကျိုးခြင်းနှင့် အနည်းငယ် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် အခြားသော ရထားဝန်ထမ်းများနှင့် ခရီးသည်များ ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

အဆိုပါ ရထားစက်ခေါင်း တိမ်းမှောက်ရာသို့ နွားထိုးကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နွားထိုးကြီးမြို့နယ်မှ ပရဟိတ လူမှုကူညီရေးအသင်းမှ အသင်းသားများ၊ ဒေသခံပြည်သူများက ရထားရဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ထိခိုက်ဒဏ်ရာရရှိသူ ဦးအောင်နိုင်အား နွားထိုးကြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လုံခြုံရေးတာဝန်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

12

 

ရထားပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ခရီးကြန့်ကြာမှု မဖြစ်စေရေးအတွက် မြန်မာ့မီးရထားမှ ပုဂံ-မန္တလေး ပြေးဆွဲသည့် အမှတ်(၁၁၉) အဆန် အမြန်ရထားဖြင့် ပုဂံဘူတာသို့ ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)