ဝေးဝေးနေလေ ပိုကောင်းလေ

mdn

သတင်းဆောင်းပါး - ဒေါက်တာ သိန်းဆွေ (ပြည်သူ့ကျန်းမာ)

 

တစ်နေ့ထက်တစ်နေ့ ကူးစက်မှုမြင့်တက်နေသော၊ ထိခိုက်မှုများဖြစ်နေသော၊ ဤမည်သော၊ COVID-19 ဟူသော အဆုတ်ရောင်ရောဂါ၏ မကြားလိုသော၊ မမြင်လိုသော သတင်း များကတော့ မကြားလို့လည်းမရ၊ မမြင်လို၍မရဖြင့် ကမ္ဘာတစ်လွှား ပြန့်ပွားနေပြီဖြစ်ပါသည်။

 

ရောဂါ၏ဖြစ်တည်မှုသည် အလွန်ပင်မြန်ဆန်ပြီး လူ့အသက်ပေါင်း ထောင်နှင့်ချီ၍ ဆုံးရှုံးရသကဲ့သို့ လူမှုစီးပွားရေးကဏ္ဍမှာလည်း ပြောမပြတတ်အောင် ဆုံးရှုံးနေပြီ ဖြစ်ပါ သည်။ သို့သော် မိမိတို့နိုင်ငံအနေဖြင့် ကံကောင်းလှပါသည်။ ပြည်ပမှ ဝင်ရောက်လာသူအများစုအပါအဝင် ယနေ့တိုင်အောင် ရောဂါပိုးတွေ့ရှိသူ ရှစ်ဦးသာ ရှိပါသေးသည်။

 

နောက်ကျခြင်း၏တန်ဖိုးဟု ဆိုရမည်လားမသိ။ အခြားသော တိုင်းပြည်အသီးသီး၏ တွေ့ကြုံရသော ပြဿနာများ ကြိုးပမ်းဆောင်ရွက်မှုများ၊ တီထွင်ကြံဆ မှုများသည် မိမိတို့တိုင်းပြည်အတွက် ကြီးမားသော အတွေ့အကြုံ ကောင်းများ၊ ပြုပြင်ကာကွယ်နိုင်သော အခွင့်အလမ်းကောင်းများကို ရရှိစေသောကြောင့် ဖြစ်ပါ သည်။

 

မိမိတို့နိုင်ငံထက် တိုးတက်သော၊ ဖွံ့ဖြိုးသောနိုင်ငံ တို့သည် ထင်မှတ်မထားလောက်အောင် ပြင်းထန်သော ကူးစက်ရောဂါ၏ကြီးမားသောရိုက်ခတ်မှုကို ခံနေရသည်ကို သတင်းများတွင် တွေ့ကြရမည်ဖြစ်ပါသည်။

 

အားမာန်အသွယ်သွယ် အောင်ပွဲအလီလီ

 

ဤရောဂါဆိုးအား တိုက်ရိုက်ကုသရန် ရောဂါပိုးကို သေစေသောဆေးဝါး မပေါ်သေးသော်လည်း ကာကွယ် ရေးနည်းလမ်းဖြစ်သည့် စုံစမ်းထောက်လှမ်းသော စနစ် တွေမှာ သိပ္ပံနည်းကျ ဆောင်ရွက်လို့ရပါသည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါအတွက် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများသည်လည်း ပြည့်စုံမှုရှိသကဲ့သို့ ဒေသအလိုက်၊ တိုင်းပြည်အလိုက် ပြဋ္ဌာန်းထားသော ကူးစက်ရောဂါဆိုင်ရာ ဥပဒေများကလည်း တည်ရှိပြီး ဖြစ်၍ လုပ်လျှင်လုပ်၍ ရတာပါပဲ။ သို့သော်လည်း အများ ပြည်သူများ ထိတ်လန့်မှုမဖြစ်အောင်၊ အဖျက်လုပ်ငန်း လုပ်ချင်သူများ၊ အမြတ်ထုတ်လိုသော အဖွဲ့အစည်းများ က မလုပ်နိုင်အောင် ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက် ကြရသည်ကိုလည်း အများပြည်သူက နားလည်မှုရှိရှိ ဖြင့် လိုက်နာဆောင်ရွက်ဖို့၊ ပူးပေါင်းပါဝင်ဖို့ အထူးပင် လိုအပ်သော အချိန်ကာလဖြစ်ပါကြောင်း ဖော်ပြလိုပါသည်။

 

ပညာရှင်တစ်ယောက်အနေဖြင့် စဉ်းစားသုံးသပ်ကြ ရမှာဖြစ်သလို စီမံခန့်ခွဲမှုရှုထောင့်၊ လုံခြုံရေးရှုထောင့် စသည်တို့ဖြင့် ဘက်စုံထောင့်စုံက စဉ်းစားသုံးသပ်ပြီး အများပြည်သူများ၏အကျိုးကို မျှော်ကိုး၍ ဆောင်ရွက် ကြရတာကိုလည်း နားလည်သဘောပေါက် လက်ခံပေးရမည်သာ ဖြစ်ပါသည်။ သို့သော်လည်း လုပ်သင့်သလောက် အလုပ်ကို မလုပ်မိပြန်ပါကလည်း လူအများအတွက် အန္တရာယ်ကြီးမားစွာဖြင့် ရင်ဆိုင်ရနိုင်သကဲ့သို့ ဆောင်ရွက် ရသူများ၊ လိုက်နာရသူတို့အတွက် ဝန်ထုပ်  ဝန်ပိုးဖြစ်မှာကိုလည်း တစ်ဖက်က စောင့်ကြည့်သုံးသပ် အဖြေရှာရသူ တွေကို ကိုယ်ချင်းစာမိပါသည်။

 

ထို့အတူ ရှေ့ကနေပြီး ဆောင်ရွက်တာဝန်ယူရသူ များကိုလည်း ချီးကျူးဂုဏ်ယူရမည် ဖြစ်ပါသည်။ တစ်ခုတော့ရှိပါသည်။ သတ်မှတ်ချက်တွေကို ထိထိရောက်ရောက် လိုက်နာခြင်းဖြင့် မိမိအတွက် လုံခြုံမှုကိုရစေမှာ ဖြစ်သကဲ့သို့ သတ်မှတ်ထားသော လုပ်ငန်းများကိုလည်း မပေါ့မလျော့စွာ တိတိကျကျ လိုက်နာဆောင်ရွက်ရေး သည်လည်း အသက်တမျှ အရေးကြီးလှပါသည်။ သတိ လက်လွတ်ဖြင့် ပေါ့လျော့သည်နှင့်အမျှ ကြီးမားသော အန္တရာယ်ကို လွတ်ထွက်မသွားအောင်လည်း အစဉ်သတိ ပြုဖို့လိုပါကြောင်း အကြံပြုအပ်ပါသည်။

 

လက်ရှိအခြေအနေမှာဖြင့် ပိုးတွေ့သူအနည်းငယ် ခုဂဏန်းမျှသာ ရှိသေးသော်လည်း ကျန်သူများမှာလည်း ရောဂါ ကင်းနေသည်ဟု အတပ်ပြောရန်၊ သတ်မှတ်ရန် ခက်ခဲလှပါသည်။ စာရေးသူအနေဖြင့် ယခင်ဆောင်းပါး တချို့မှာ ရေးခဲ့သလို ရေအောက်တွင် မြုပ်နေသော ရေခဲတုံးပမာ မတွေ့သေးတာလားဆိုတာကို အစဉ်သတိပြုပြီး ကာကွယ်ရေးလုပ်နည်းလုပ်ဟန်များကို ပေါ့လျော့ခြင်းမျိုးမရှိအောင် ဆောင်ရွက်ခြင်းဖြင့် အနိုင်ယူနိုင်ရန် ကြိုးပမ်းကြရဦးမည်လည်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း နည်းလမ်းအသွယ်သွယ်၊ လုပ်နည်းစနစ် ကောင်းကောင်းဖြင့် အရှိန်အဟုန်ကို လျော့နည်းမသွားစေလျက် အစဉ် သတိပြုလို့ အားမာန်အပြည့်ဖြင့် ဆောင်ရွက်ကြဖို့ တိုက်တွန်းအကြံပြုလိုပါသည်။ သို့မှသာ အောင်ပွဲအလီလီကို ရနိုင်မည်လို့ မျှော်မှန်းချက်ထား နိုင်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။

 

အခွင့်ကောင်းများ မဆုံးစေချင်

 

တချို့သောတိုင်းပြည်များသည် ဖွံ့ဖြိုးတိုးတက် သည်ဆိုသော်ငြားလည်း လစ်ဟင်းမှုများကြောင့် ကြီးမားသော ထိခိုက်မှုကို ခံစားနေကြရပြီဖြစ်ပါသည်။ ပျော်ပွဲစား ရုံများ၊ ကပွဲရုံများ၊ စားသောက်ဆိုင်များကို အချိန်နှင့်  တစ်ပြေးညီ ပိတ်ပင်မှုမပြုနိုင်ခြင်းကြောင့် လူပေါင်း ရာထောင် သေကျေနေကြရပါသည်။ ဘာသာရေးပွဲများ၊ အားကစားပွဲများအား စီမံခန့်ခွဲမှုနည်းပါးခြင်းကို အခွင့်ကောင်းယူ၍ ရောဂါပျံ့နှံ့မှုများ ဖြစ်ခဲ့ရသည်များကို သင်ခန်းစာယူကြရမည် ဖြစ်ပါသည်။ စာရေးသူတို့ တိုင်းပြည်တွင်လည်း လက်ရှိကာလသည် ပွဲလမ်းသဘင်များ၊ ဘုရားပွဲများ၊ အလှူပွဲများ ရာသီကာလဖြစ်နေခြင်း သည် ရောဂါရှိသူတစ်ဦးသာ အဆိုပါအစုအဖွဲ့အတွင်း ပါသွားလျှင် မတွေးဝံ့စရာသော၊ တုန်လှုပ်ဖွယ်သော အဖြစ် ဆိုးများ ကြုံတွေ့နိုင်မည်ကို လူတိုင်း အထူးသတိပြုရန် လိုအပ်ပါမည်။

 

ထိုသို့သော ဖြစ်နိုင်ခြေများကို လေ့လာသုံးသပ်လျက် တားဆီးပိတ်ပင်သင့်သည်များကိုအချိန်အခါ၏ တောင်းဆို ချက်အရ ဆောင်ရွက်ကြရခြင်းဖြစ်သည်ကို လူတိုင်း နားလည်လက်ခံ လိုက်နာကြရမည် ဖြစ်ပါသည်။

 

ဥပမာပြ၍ နှိုင်းယှဉ်ဖော်ပြလိုပါသည်။ စာရေးသူတို့ တိုင်းပြည်သည် စနစ်ကောင်းများကို တည်ဆောက်သော ကာလမျှသာ ဖြစ်ပါသည်။ မပြည့်စုံသေးသောကာလဟု ဆိုရပါမည်။ အထူးသဖြင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုမှာ သင့်သော၊ စံကိုက်အနေအထားကို မရောက်သေးသောကာလဟု ဆိုချင်မိပါသည်။ ကပ်ရောဂါ မဟုတ်သော ကူးစက်တတ်သော ရောဂါများနှင့်အတူ မကူးစက်နိုင်သောရောဂါများဖြင့် စောင့်ရှောက်မှုကို အလွန်ကြိုးပမ်းဆောင်ရွက်နေရသော အခြေအနေပင် ဖြစ်ပါသည်။ ဆေးရုံဆေးခန်းများတွင် လူနာများဖြင့် ပြည့်နေသောအချိန်၊ လူ၊ ပစ္စည်းကိရိယာများနှင့် အချိုး ညီညီ မဆောင်ရွက်နိုင်သေးသည့်အတွက် ဝန်ပိနေသော အခြေအနေတွင် ရှိနေသည်ကို လေ့လာမိပါသည်။

 

အကယ်၍ မနိုင်ဝန် ထမ်းရသော ကာလမျိုးနှင့် ကြုံတွေ့လာလျှင် မည်သို့ဆောင်ရွက်ကြရမည်ကို တွေးကြည့်ရုံဖြင့် စိုးရိမ်စရာပင်ဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့သော အခွင့်အရေးကောင်းများရှိနေသော ကာလတွင် ကျန်းမာရေးဌာနက လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို ပြည်သူများက တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းလိုပါသည်။ ထို့ကြောင့် အခွင့်ကောင်းများကို မဖြုန်းစေချင်ပါကြောင်း အသိပေးလိုပါ သည်။

 

ဝေးဝေးနေလေ ဘေးကင်းလေ

 

ဘုရားပွဲများအပါအဝင် လူစုလူဝေးဖြစ်ကြသော ပွဲလမ်းသဘင်များအားလုံးကို ယာယီရပ်နားထားရန် နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ သို့သော်လည်း တချို့မှာ လိုက်နာသကဲ့သို့ တချို့က ဈေးဆစ်သလို လုပ်နေကြသည်ကို သတိပြုမိပါသည်။ ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံကို တင်ပြလိုပါသည်။ ဘုရားကျောင်းများ၌ လူထောင်နှင့်ချီ၍ ဘုရားဝတ်ပြု နေရာတွင်ရှိသောသူတစ်ဦးမှတစ်ဆင့် ကူးစက်ရောဂါ ဖြစ်စေခြင်းဟု ဖော်ထုတ်ရရှိသည့် အတွက် ထိတွေ့သူ များ၊ အားလုံးနီးပါးရှာဖွေရန် အခက်ကြုံမှုသည် ကျန်းမာ ရေးစနစ်ကောင်းများရှိသည်ဟု နာမည်ကြီးတိုင်းပြည်ပင် လျှင် အခက်အခဲပေါင်းစုံ နှင့် လူတို့၏အသက်ကို စတေးရ သည်ကို နမူနာယူသင့်ပါသည်။

 

ဤကပ်ရောဂါနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်များ အနက် လူမှုရေးပွဲများမှ ဝေးဝေးနေခြင်း (Social distancing) ဖြင့် ကူးစက်ရောဂါ၏ ကူးစက်ပုံသဏ္ဌာန် ပြောင်းလဲသွားသော တွေ့ရှိချက်ကို ပမာပြ၍ ရှင်းလင်း တင်ပြလိုပါသည်။

 

လူနာများ တစ်နေ့တခြား များပြားနေသောအခြေ အနေမှ လူမှုရေး ပွဲလမ်းသဘင်များကို လျော့နည်းစေ ခြင်း၊ ရှောင်လွှဲစေခြင်းဖြင့် ရောဂါဖြစ်ပွားမှုအရှိန်အဟုန် လျော့ကျသွားခြင်း(Flattening of Curve)ကို ဖြစ်စေ ကြောင်း သုတေသီတို့၏ လေ့လာချက်ကို မှတ်သားရသည်ကို ပြန်လည်ဖြန့်ဝေရခြင်းပင် ဖြစ်ပါသည်။ ကပွဲ များ၊ ဧည့်ခံပွဲများတွင် တစ်ဦးနှင့်တစ်ဦး ထိမိခြင်း၊ တစ်ယောက်မှ အသက်ရှူထုတ်လိုက်ခြင်း၊ ချောင်းဆိုး လိုက်ခြင်း၊ နှာချေလိုက်ခြင်းဖြင့် ပိုးပါသောအမှုန်အမွှား လေးများကို တစ်ပါးသူက ရှူမိခြင်း ကိုင်တွယ်မိခြင်းဖြင့် အလျင်အမြန်ကူးစက်မှုကို ဖြစ်ကြမည်သာဖြစ်ပါသည်။ ထို့အပြင် မသိ၍ သတိမထားမိခြင်းဖြင့် တစ်ဦးမှ နောက် တစ်ဦးသို့ လွယ်ကူစွာကူးစက်နိုင်သော ဤ coVID-19 ဗိုင်းရပ်စ်ပိုး အလျင်အမြန်ကူးစက်သည်မှ မနိုင်ဝန်ထမ်း ရသည်အထိဖြစ်စေသည်ကို အသိပေးလိုခြင်းဖြစ်ပါသည်။

 

ရောဂါကိုထိန်းချုပ်ရန် ကာကွယ်ဆေးလည်း မပေါ်သေး၊ ကုသရန် တိကျသောပစ္စည်းများလည်း ခိုင်ခိုင်မာမာ မပေါ်သေးသမျှ ရောဂါဖြစ်ပွားမှုများ တစ်နေ့တခြား များသည်နှင့် များလာဖွယ်ရှိမည်မှာ သဘာဝအတိုင်းဟု သာ ပြောရမည်ဖြစ်ပါသည်။ ထိုသို့နိုင်ငံတော်၏ ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်သောပမာဏမှာ အတိုင်းအတာ အကန့်အသတ်ကလည်း ရှိပါသည်။ လူဦးရေအခြေခံ၍ ရောဂါဖြစ်ပွားမှု အမျိုးအစားလိုက်၍ လိုအပ်သောဆေးဝါး၊ အထောက်အကူပြုဆေးဝါးများနှင့်အတူ ကျန်းမာရေးစောင့်ရှောက်သူနှင့် ကုသခံယူသူအချိုးအစား စသော အခြေခံအချက်အလက်များကို အခြေခံပြုတွက်ချက်၍ စီမံခန့်ခွဲကြရပါသည်။

 

ထိုသည်ထက် ရုတ်တရက်များပြားလှသော ကူးစက် ရောဂါတစ်မျိုးမျိုးသည် ၎င်း၏ပြင်းထန်မှု၊ ကာကွယ်နိုင် မှုအခြေအနေကိုလိုက်၍ လူအများကို ထိခိုက်စေသည် ဆိုငြားအံ့ မလွဲမသွေ ဆောင်ရွက်ပေးနိုင်သည့်ပမာဏ ထက် များပြားသည်နှင့်အမျှ လက်ရှိဖြစ်ပေါ်နေသော အခြားတိုင်းပြည်များ၏ သာဓကအရ မနိုင်ဝန်ကို ထမ်းရ ခြင်းကြောင့် လူအင်အား၊ ပစ္စည်းကိရိယာနှင့် နေရာ ထိုင်ခင်းများအတွက် အခက်အခဲကြုံကြရသည်ကို မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့်လည်းဖြစ်ခဲ့သော်ဟူသော မှန်းဆချက်ဖြင့် ကုသနိုင်သော၊ စောင့်ရှောက်မှုပေးနိုင် သော ပမာဏ(Capacity of Health Care Service) ကို တိုးချဲ့နိုင်ရန်ရှာဖွေလျက် စီစဉ်ရခြင်း၊ လိုအပ်သော  ဆေးဝါးများ စုဆောင်းရခြင်းများကို အရေးပေါ်အစီအမံ အရ ဆောင်ရွက်ကြရပါသည်။

 

လက်ရှိအနေအထားအရ စာရေးသူတို့တိုင်းပြည် သည် ဆေးဝါးပစ္စည်းထုတ်လုပ်နိုင်စွမ်း မလုံလောက်သေး သောကာလမို့ ကြိုတင်စုဆောင်းကြရပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ထုတ်လုပ်သော တိုင်းပြည်များသည် လည်း အလားတူရောဂါပြဿနာကို ခံနေရခြင်း၊ သွားလာ ရေးခရီးစဉ်များ ကန့်သတ်ထားခြင်းများကြောင့် ငွေကြေး ရှိသော်လည်း ပစ္စည်းရရန် အခက်ကြုံနိုင်သည်ကိုလည်း | သတိထားကြရမည်သာ ဖြစ်ပါသည်။

 

သို့သော်လည်း ကာကွယ်ရန်နည်းလမ်းများမှာမူ ဖြစ်ပွားသောတိုင်းပြည်များ၏ အတွေ့အကြုံအရ ရိုးရှင်း  လွယ်ကူသော လုပ်ငန်းစဉ်များသာဖြစ်နေသည်ကို ကံကောင်းစွာ တွေ့ရှိရပြန်ပါသည်။ အဆိုပါတွေ့ရှိချက် မှာ လူတိုင်းလူတိုင်း လိုက်နာကြဖို့တော့ လိုအပ်ပါသည်။

 

မြင်သာထင်သာအောင် အထက်ပါပုံဖြင့် ရှင်းလင်းတင်ပြ လိုပါသည်။ အဆိုပါပုံစံအား အမေရိကန်နိုင်ငံ ကူးစက်  ရောဂါထိန်းချုပ်ရေးဌာနမှ "Mr Drew Harris မှ Flatten the Curve" ဟူသော ဖော်ပြပါဂရပ်အား ဖော်ထုတ်ခဲ့သည် ကို အခြေခံ၍ ရေးသားမျှဝေလိုပါသည်။

 

လိုက်နာသူများလေ ဖြစ်ပွားမှုနည်းလေ

 

ဖော်ပြပါပုံကိုကြည့်လျှင် အဓိကအချက်မှာ ကျန်းမာ ရေးဝန်ဆောင်မှုပေးနိုင်စွမ်း (Capacity of Health Care Service) မျဉ်းကို တွေ့ရမည်ဖြစ်ပါသည်။ ချမ်းသာသော၊ ဖွံ့ဖြိုးသော တိုင်းပြည်များတွင်မူ ကျန်းမာရေးစနစ် တောင့်တင်းမှုကြောင့် အဆိုပါစွမ်းဆောင်နိုင်သောပမာဏ မျဉ်းမှာ အခြားသော ဖွံ့ဖြိုးစတိုင်းပြည်များနှင့် နှိုင်းယှဉ် ပါက မြင့်နေမည်သာဖြစ်ပါသည်။ ထိုသို့သောအခြေအနေ ကောင်းများ ရှိသော်ငြားလည်း အချိန်တိုအတွင်း များပြား သောလူနာများ ကူးစက်ခံရသောကြောင့် ကုသမှုပေးနိုင် သောအခြေအနေပမာဏထက် လွန်ကဲသော်လည်း စောင့်ရှောက်မှုအရည်အသွေး၊ ကုသမှုပေးနိုင်သော အင်အား၊ ပစ္စည်းကိရိယာ စသည်တို့ မလုံလောက်၊ မမျှ တသော မနိုင်ဝန်ကိုထမ်းဆောင်ကြရသောအခါ ဟာကွက်များ အရည်အသွေးထိန်းချုပ်နိုင်မှု စသည်မှ အခြားသော မျှော်မှန်းမထားနိုင်သော အခက်အခဲပေါင်းစုံဖြင့် မလွဲမသွေ တွေ့ကြုံကြရမည်သာ ဖြစ်ပါသည်။

 

ထို့ကြောင့် ကာလကြာကြာ ကူးစက်မှုကို အဖြစ်မခံနိုင်သောကြောင့် နိုင်ငံတကာတွင် တိုင်းပြည်အတွင်း အဝင် အထွက်ကို ပိတ်ပင်ပြီး တံခါးပိတ်ဝါဒပြုလုပ်ကြရသည်ကို တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း အဆိုပါ ထောင်တက်နေသော ရောဂါခံစားရသူအများစုမှာ (၁) ကျန်းမာရေးဌာနက ညွှန်ကြားချက်များကို မလိုက်နာသူ များ၊ (၂) လူအများ စုဝေးရာနေရာများသို့ မဆင်မခြင် သွားလာဆက်ဆံနေကြသူများ၊ (၃) အိမ်တွင်နေထိုင်ခြင်း ဖြင့် ရောဂါကို ကာကွယ်နိုင်သည်ကို အလေးဂရုမပြုသူ များကြောင့်သာ ဖြစ်ရခြင်းဖြစ်ကြောင်း လေ့လာချက်များ အရ သိရှိရပါသည်။

 

ထို့ကြောင့် အဆိုပါထောင်တက်နေသော လူနာများ အား ထိန်းချုပ်ရန် တစ်နည်းအားဖြင့် စောင့်ရှောက်မှု ပေးနိုင်သော ပမာဏမျဉ်း၏ အောက်သို့ရောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်မှာ -

 

(၁) လူမှုရေးလှုပ်ရှားမှု၊ အပျော်အပါးသွားလာမှုများအား ထိန်းချုပ်ခြင်းကို လိုက်နာကြရန် လိုအပ် ပါသည်။ အထွေအထူးမဟုတ်ပါ။ လူစုလူဝေးရှိ သော စားသောက်ဆိုင်၊ ဈေးဝယ်စင်တာများ၊ အစည်းအဝေးများ၊ ဘုရားပွဲများ၊ ပွဲလမ်းသဘင် များကို ကန့်သတ်ခြင်းနှင့်အတူ လိုက်နာဆောင်ရွက်ကြခြင်း၊

(၂) လက်ကို မကြာခဏ ဆပ်ပြာ အရက်ပြန်ပါ သော လက်ဆေးရည်များဖြင့် စင်ကြယ်အောင် ဆေးခြင်း၊

(၃) မိသားစုတစ်ဦးဦး အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေသွားရသော အပြင်ကိစ္စများမှ ပြန်လာ တိုင်း လက်ကို စင်ကြယ်အောင် ဆေးခြင်း၊ အသုံး အဆောင်ပစ္စည်းများ၊ အဝတ်အစားများကိုပိုးသေစေနိုင်သော ဆပ်ပြာရည်အတွင်း စိမ်ထားခြင်း များကို ဆောင်ရွက်ခြင်းတို့ဖြင့် ဤကပ်ရောဂါ COVID-19 ကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းအလေးထား၍ အသိပေးမျှဝေလိုက်ရပါသည်။ ပြည်သူအပေါင်း ရောဂါဘေးမှကင်းဝေးစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။ ။