ဝေဖန်သံတွေကြားက နယူးဇီလန်နိုင်ငံရဲ့ စွန့်စားခန်းခရီးသွားလုပ်ငန်း

ခြူးစန္ဒီနွေး

 

နယူးဇီလန်နိုင်ငံ ကျွန်းဖြူကျွန်းတစ်ဝိုက်ဟာ လာရောက်လည်ပတ်သူ များပြားစည်ကားတဲ့ နေရာတစ်ခုပါပဲ။ ရင်သပ်ရှုမောဖွယ်ရာ ပင်လယ်အော်မှာ လင်းပိုင်တွေ မြူးထူးဆော့ကစားပြီး ကျွန်းဖြူကျွန်းမီးတောင်တစ်ဝိုက်မှာ အပန်းဖြေသွားရောက်သူတွေနဲ့ ပြည့်နေလေ့ရှိပါတယ်။

 

သက်ဝင်လှုပ်ရှားမှုများရပ်တန့်

 

ဒါပေမယ့်လည်း မကြာသေးခင်အချိန်က ကျွန်းဖြူကျွန်းပေါ်က မီးတောင်ပေါက်ကွဲခဲ့တဲ့အခါမှာတော့ အခုလိုသက်ဝင်လှုပ်ရှားနေတဲ့ အရာအားလုံးဟာ ရပ်တန့်သွားခဲ့ပါတယ်။ အဆိပ်ဖြစ်စေတဲ့ဓာတ်ငွေ့၊ ချော်ရည်ပူ၊ ကျောက်တုံးပူတွေ လေထဲကိုလွင့်စဉ်လာကြပြီး ကျွန်းတစ်ခုလုံးဟာလည်း ပြာတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်းပေါ်မှာအလည် အပတ်ရောက်ရှိနေတဲ့ ခရီးသွားရှစ်ဦး သေဆုံးခဲ့ရသလို နောက်ထပ်လူရှစ်ဦးဟာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လူနှစ်ဦးဟာလည်း ရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့ရပါတယ်။ ဒီလိုမျိုးဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ စီးပွားရေးမှာ ဘယ်လိုမျိုးထိခိုက်မှုတွေ ရှိလာမှာလဲဆိုပြီး တွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

 

စွန့်စားမှုတွေရှာဖွေ

 

နယူးဇီလန်ကို လာရောက်လည်ပတ်ရတဲ့အကြောင်းကတော့ ဒီလိုမျိုး စွန့်စားမှုတွေ ရှာဖွေဖို့လည်းဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်ဆိုးကြောင့် နယူးဇီလန်နိုင်ငံသားတွေကြား ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေဖြစ်လာပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ရရှိဖို့ သဘာဝအရင်းအမြစ်တွေကနေ စွန့်စားမှုတွေ အများကြီးရယူနေသလား၊ ကြိုတင်ကာကွယ်မှုတွေ လုံလုံလောက်လောက် လုပ်ထားရဲ့လားဆိုပြီး အငြင်းအခုန်တွေဖြစ်လာခဲ့ကြပါတယ်။ အများစုကတော့ ယခုဖြစ်ပေါ်လာတဲ့သဘာဝဘေးကြောင့် နယူးဇီလန်နိုင်ငံရဲ့ စွန့်စားခန်းခရီးသွားလာမှု လုပ်ငန်းကို ထိခိုက်ပျက်စီးစေမှာလားဆိုပြီး သိချင်လာကြပါတယ်။ နယူးဇီလန်နိုင်ငံဟာ စွန့်စားမှုခရီးသွားလာရေး လုပ်ငန်းတွေနဲ့ နာမည်ကြီးလှပါတယ်။

 

စွန့်စားမှုနဲ့နာမည်ကြီး

 

တောင်စွန်းတွေပေါ်တက်ခြင်း၊ နှင်းတောင်လျှောစီးခြင်း၊ ခရီးကြမ်းလှေလှော်ခြင်း အစရှိတဲ့ စိတ်လှုပ်ရှားမှုအပြည့်၊ စွန့်စားမှုအပြည့်နဲ့ ကစားရတဲ့ အပန်းဖြေ ခရီးသွားလုပ်ငန်းတွေနဲ့ ကျော်ကြားလှပါတယ်။ စွန့်စားရတာကို ပျော်ရွှင်တဲ့ လူတွေအတွက် စိတ်ပျော်စရာတွေချည်းဖြစ်ပေမယ့် တစ်ခုခုလွဲချော်သွားရင်လည်း အန္တရာယ်ကြီးလှပါတယ်။ နယူးဇီလန်မှာ မီးတောင်ပေါက်ကွဲဖြစ်စဉ်ကြောင့် အခြားသောခရီးသွားလုပ်ငန်းကနေ အကျိုးအမြတ်တွေရရှိနေတဲ့ နိုင်ငံတွေအတွက် စိတ်မချရမှုဆိုတဲ့ ပြဿနာဟာလည်း ပဲ့တင်သံထပ်လာပါတယ်။ နီပေါနိုင်ငံကလည်း ယခုနှစ်အတွင်း ဧဝရက်တောင်တက်တဲ့အခါ လုံခြုံစိတ်ချရတဲ့ နည်းလမ်းသစ်တွေ ချမှတ်ဖို့စဉ်းစားလာပါတယ်။

 

ခရီးသွားလုပ်ငန်းအတွက် မေးခွန်းတွေပေါ်လာ

 

ယူကရိန်းမှာရှိတဲ့ ချာနိုဘိုင်း၊ ဂျပန်နိုင်ငံက ဖူကူရှီမားတို့ကိုလည်း ခရီးသွားတွေ အများအပြား ဝင်ရောက်ကြလေ့ရှိပါတယ်။ အခုအခါမှာတော့ ခရီးသွားလုပ်ငန်းမှာ အန္တရာယ်တွေရှိလာတဲ့အတွက် အာဏာပိုင်တွေဟာလည်း ခရီးသွားလုပ်ငန်း လုံခြုံစိတ်ချရရေးအတွက် မေးခွန်းတွေနဲ့ ရင်ဆိုင်လာရပါတယ်။ နယူးဇီလန်နိုင်ငံအတွက်တော့ ခရီးသွားလုပ်ငန်းဆိုတာ တကယ့်ကို အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတစ်ခုပါ။ စီးပွားရေးရဲ့ ၆ ရာခိုင်နှုန်းဟာ ခရီးသွားလုပ်ငန်းကနေ ရပါတယ်။ ဩစတြေးလျနဲ့ အမေရိကန်တို့ရဲ့ ခရီးသွားလုပ်ငန်းထက် နှစ်ဆနီးပါးရှိပါတယ်။

 

အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေး

 

လွန်ခဲ့တဲ့ခြောက်နှစ်တာကာလအတွင်းမှာ ခရီးသွားလုပ်ငန်းကနေရတဲ့ အခွန်က ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်လို့ အစိုးရစာရင်းဇယားတွေအရ သိရပါတယ်။ ခရီးသွားလုပ်ငန်းကနေ လုပ်သားထုရဲ့ ၁၄ ရာခိုင်နှုန်းကို အလုပ်ပေးထားနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကဆိုရင် ခရီးသွားလုပ်ငန်းကနေ အလုပ်နေရာ ၃၉၃၂၇၉ ခန့် ဖန်တီးပေးထားနိုင်ပါတယ်။ ဝှက်ကတိန်းမြို့ဆိုတာ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကျွန်းဖြူကျွန်းနဲ့ နီးကပ်တဲ့မြို့လေးဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲပြီးသွားတဲ့ အခါမှာတော့ အဲဒီဒေသမှာရှိတဲ့လူတွေဟာ ကြောက်ရွံ့မှု၊ ဒေါသထွက်မှုနဲ့ အံ့သြထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

 

စိုးရိမ်စိတ်များဖြစ်ပေါ်

 

အခုဆိုရင် ကျွန်းဖြူကျွန်းကို ယာယီပိတ်ထားတဲ့အတွက် ခရီးသွားတွေကို အမှီပြုပြီး ရောင်းချနေတဲ့ဆိုင်တွေက အလုပ်သမားတွေမှာ သူတို့ဆက်လက် ရပ်တည်နိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေ များနေကြပါတယ်။ တကယ်လို့များ ခရီးသွားတွေ မလာတော့ဘူးဆိုရင် သူတို့အတွက် ဆက်လက်ရပ်တည်ဖို့ ခက်ခဲမယ်ဆိုပြီး စိုးရိမ်လာကြပါတယ်။ တချို့သောဒေသခံတွေကလည်း ခရီးသွား စီစဉ်သူတွေဟာ ခရီးသွားတွေရဲ့ လုံခြုံစိတ်ချရရေးထက် ကိုယ်ကျိုးစီးပွားကိုသာ ပိုပြီးအ လေးထားကြတယ်လို့ စွပ်စွဲကြပါတယ်။ မြေငလျင်လှုပ်ခတ်နိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေ ရှိနေတာတောင်မှ ခရီးသွားစီစဉ်သူတွေဟာ ဒီလိုအချက်တွေကို လျစ်လျူရှုခဲ့ကြပါတယ်။

 

မြို့ခံလူထုအပေါ်သက်ရောက်လာမလား

 

ဒီကျွန်းပေါ်မှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝှက်ကတိန်းမြို့မှာ တရားစီရင်ပိုင်ခွင့်မရှိပါဘူး။ ကျွန်းဟာ ပုဂ္ဂလိကပိုင်ဖြစ်ပြီး နယူးဇီလန်ပြည်တွင်းရေးရာဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိပါတယ်။ မြို့တော်ဝန် ဂျူးဒီတန်နာကတော့ ကျွန်းဖြူကျွန်းဟာ သူတို့မြို့အတွက် အဓိကနေရာတစ်ခု ဖြစ်တယ်လို့ပြောပါတယ်။ သူတို့မြို့ရဲ့ အဓိကစီးပွားရေးဟာလည်း ကျွန်းဖြူကျွန်းပေါ်မှာပဲ မူတည်နေပါတယ်။ တကယ်လို့များ အဲဒီကျွန်းကို လာရောက်လည်ပတ်ခွင့် ပိတ်လိုက်မယ်ဆိုရင် ဝှက်ကတိန်းမြို့ကလူတွေအတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

 

အဓိကစိုးရိမ်စရာမဟုတ်

 

ပြည်ပကလာတဲ့ ခရီးသွားတွေဝင်ရောက်မှု ရုတ်တရက် လျော့ကျသွားတာဟာ မြို့တော်ဝန်အတွက် အဓိကစိုးရိမ်စရာတစ်ခု မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင်ဝှက်ကတိန်းမြို့ အခြေစိုက်ခရီးသွားလုပ်ငန်းဟာ ပြည်တွင်းက ခရီးသွာတွေအပေါ်မှာပဲ မှီခိုပြီးရပ်တည်နေရတာပါ။ ပြည်တွင်းကခရီးသွားကတော့ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ နယူးဇီလန်က ပြည်သူတွေအတွက် ဒီနေရာဟာ အားလပ်ရက်အပန်းဖြေခရီး ထွက်စရာနေရာဖြစ်လို့ ပြည်ပကခရီးသွားတွေ ဝင်ရောက်မှု လျော့ကျသွားမယ့် အရေးဟာ အဓိက စိုးရိမ်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူတွေမှာတော့ နယူးဇီလန်နိုင်ငံသားတွေချည်းပဲ မဟုတ်ပါဘူး။ နိုင်ငံခြားသားခရီးသွားတွေလည်း အများကြီးပါပဲ။ ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေနေ့မှာတော့ သေဆုံးသူအရေအတွက်ဟာ နှစ်ယောက် တိုးလာခဲ့ပါတယ်။ သေဆုံးသွားသူနှစ်ယောက်ကတော့ အမေရိကန်နိုင်ငံသား အသက် ၁၃ နှစ်အရွယ် မက်သရူးရောဘတ်ဟော်လန်ဒါနဲ့ အသက် ၁၆ နှစ်အရွယ် ဘီရန်လောရန့်ဟော်လန်ဒါတို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးသေဆုံးသွားသူတွေ ထဲက ဩစတြေးလျနိုင်ငံသား လေးဦးရဲ့ ကိုယ်ရေးအချက်အလက်ကိုလည်း ထုတ်ဖော်နိုင်ခဲ့ပါတယ်။

 

ခရီးသွားလုပ်ငန်းပုံရိပ်ထိခိုက်

 

ကျွန်းဖြူကျွန်းပေါ်ကို သွားရောက်လည်ပတ်ခွင့်ကို ဆက်လက်ပိတ်ပင်ထားတုန်းပါပဲ။ မီးတောင်ပေါက်ကွဲပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ချက်ချင်းဆိုသလို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ နောက်ထပ်တစ်ကြိမ် မီးတောင်ပေါက်ကွဲလာခဲ့ရင် ကယ်ဆယ်ရေးလုပ်သားတွေအတွက် အသက်အန္တရာယ် ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်တဲ့အတွက် ကျွန်းပေါ်ကိုချက်ချင်း မစေလွှတ်နိုင်ခဲ့ပါဘူး။ ဒီလိုမျိုးဖြစ်ရပ်တွေကြောင့် နယူးဇီလန်ရဲ့ စွန့်စားခရီးသွား လုပ်ငန်းပုံရိပ်ကို ထိခိုက်ခဲ့ရတာလည်းအမှန်ပါပဲ။ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်အတွက်ကတော့ နောက်နှစ်ဆိုရင် ရွေးကောက်ပွဲနဲ့ ကြုံတွေ့ရမှာပါ။ ခရီးသွားလုပ်ငန်းအတွက် ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မလဲဆိုတာကတော့ မသဲကွဲသေးပါဘူး။ ။

 

ကိုးကား-နယူးယောက်တိုင်းမ်