ဝေဖန်ရေး၏ တန်ဖိုး

၆   ဒီဇင်ဘာ

 

ဒီမိုကရေစီ အတော်အသင့်ပွင့်လင်းလာသည့်အတွက် တိုင်းရေးပြည်ရာနှင့်ပတ်သက်လျှင် ဝင်ရောက်ဆွေးနွေးပြောဆိုသူ များလာသည်ကို သတိထားမိပါသည်။

 

တိုင်းပြည်ထူထောင်ရေးကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍအသီးသီးက ဆောင်ရွက် အကောင်အထည် ဖော်နေသည်တို့နှင့်ပတ်သက်၍ အစိုးရခေါင်းဆောင်များကစ၍ အောက်ခြေဝန်ထမ်းများအထိ ဝေဖန်ပြောဆိုနေကြ၏။

 

ထောက်ခံသူများ၊ ဆန့်ကျင်ကန့်ကွက်သူများ၊ အားမလိုအားမရ ဖြစ်သူများ၊ မိမိရှုထောင့်မှ မြင်တွေ့သမျှ အကြံဉာဏ် ဝင်ရောက်ပေးနေ ကြသူများ အဖုံဖုံအစုံစုံ။

 

အထူးသဖြင့်တော့ ဂျာနယ်များ၊ စာစောင်များ၏ စာမျက်နှာများပေါ်တွင်သာမက လူမှုကွန်ရက်ခေါ် ဆိုရှယ် မီဒီယာများပေါ်တွင် အများအပြားတွေ့ရှိရပါသည်။

 

အထောက်အထားမဲ့၊ အချက်အလက်မခိုင်လုံ၊ သတင်းအတုအယောင်များနှင့် ညစ်ညစ်ညမ်းညမ်း ဆဲရေးတိုင်းထွာ နေသူများမှအပ ရေးသားပြောဆိုဝေဖန်နေသည်များမှာ စိတ်ဝင်စားဖွယ်ရာ၊ ဖတ်ရှုဆင်ခြင်စရာ များလှသည်ဟု ထင်မြင်ပါ၏။

 

ဝေဖန်ရေးသားနေသူတို့၏ တိုင်းပြည်ပေါ်ထားရှိသည့် စေတနာကိုလည်း မြင်ရ၏။ အချို့သူတို့မှာ အတွေ့အကြုံ များပြားသည့် ပညာတတ်များ၊ နိုင်ငံတကာဗဟုသုတကြွယ်ဝသူများလည်း ပါဝင်သဖြင့် တာဝန်ရှိသူတို့ ဖတ်ရှုမိလျှင် ဆန်းစစ်စရာများရှိလာမည်ဟု ယူဆပါသည်။

 

ထို့ပြင် အဖွဲ့အနွဲ့ကောင်း၊ အရေးအသားအတင်အပြကောင်းသူ အများအပြားကိုလည်း တွေ့မြင်ဖတ်ရှုရသည်ဖြစ်ရာ ရွက်ပုန်းသီးအနုပညာမြောက် စာရေးကောင်းသူများ ပေါ်ထွက်လာနေပါသည်။

 

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ ပြဿနာများနှင့်လုံးထွေးနေ ရဆဲဖြစ်ကာ တစ်ဆင့်ချင်း၊ တစ်ရစ်ချင်းဖြေနိုင်ရန်ကိုပင် အတော်အားထုတ် နေရသည်ဟု ယူဆပါသည်။

 

ထို့ကြောင့်ပင် ဝေဖန်အကြံပေးစရာများ အပြစ်ပြောစရာများကို တည့်တည့်တစ်မျိုး၊ သွယ်ကာဝိုက်ကာတစ်ဖုံ တွေ့နေရခြင်းဖြစ်ပါသည်။

 

အချို့သော ဝေဖန်ချက်များမှာ ဟာသဉာဏ်ရွှင်ရွှင်နှင့် နူးနူးညံ့ညံ့ တို့ထိရေးသားသည်တို့ကို ဖတ်ရသည့်အခါ ရယ်ရင်းပြုံးရင်း ပြုပြင်စရာများကို သတိပြုမိပါသည်။

 

ဒီမိုကရေစီခေတ်အပြောင်းအလဲကို မျှော်ကြသူများအဖို့ ဝေဖန်ရေးက တွဲလျက်ပါမည်ဆိုခြင်းကိုပါ မျှော်လင့်ထားကြပြီးသား။

 

ပြည်သူ့အင်အားကို ယုံကြည်သူများဖြစ်သည့်အတွက် ပြည်သူ့ဝေဖန်မှုသည်လည်း အင်အားတစ်ရပ်ဟု နားလည်ထားကြပြီးသား။

 

နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားကို ရှေးရှုကာ စေတနာပါသော ဝေဖန်အကြံပေးမှုများဆိုသည်က အလေးအနက်ထားကာ ဆင်ခြင်သုံးသပ်ရမည် ဖြစ်ပါသည်။

 

အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် ပြည်သူ့ဝေဖန်မှုကို ဆတ်ဆတ်ခါမခံနိုင်ခဲ့ကြသော အဖြစ်အပျက်များက တိုင်းပြည်ဆင်းရဲ မွဲတေချွတ်ခြုံကျသွားရသည့် အကြောင်းတရားကို ဖော်ပြနေပါသည်။

 

ဝေဖန်ရေးဆိုသည်က စေတနာသာမှန်ပါစေ အဖိုးတန်သည်ဟူသော အယူအဆကို စွဲကိုင်ခြင်းဖြင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုကို ကြီးစွာသော အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း