ဝါးအခြေခံ ထုတ်လုပ်မှု လုပ်ငန်းများကြောင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းအတွက် အဆင်ပြေ

ရေတာရှည်  ၆ ဖေဖော်ဝါရီ 


ပဲခူးရိုးမ သစ်တောကြိုးဝိုင်း ဒေသများမှ အဓိက ထုတ်ယူရရှိသည့် ဝါးနှင့်ဝါး ခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းသည် ဒေသတွင်းရှိ နေထိုင်ကြသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်း နှင့် ကပ်လျက်ရှိ ဆီဆုံကုန်း၊ ရွှေသပြေ၊ မြောက်လွှတ်ကုန်း ကျေးရွာများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူများအပြင် ဝါးကုန်ကြမ်းကိုအမှီပြု၍  ဝါးကဒ်၊ ဝါးထိုင်ခုံ အမျိုးမျိုးတို့ကို နေ့စဉ် ပုံမှန်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက် ရှိကြသည်။


အဆိုပါ ဝါးဖြင့် ပြုလုပ်သည့် ထုတ်ကုန်များကို ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် အစုန်အဆန် သွားလာလျက် ရှိကြသော ယာဉ်များနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာမြို့ များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ရွှေသပြေကျေးရွာရှိ ပစ်တိုင်းထောင်ဝါးလုပ်ငန်းမှ ဒေါ်အေးသန်း၏ ပြောကြားချက်အရ သိရသည်။


“ဝါးက အရင်တုန်းကလို နီးနီးနားနားက မရနိုင်တော့ဘူး။ အတော်ရှားသွားပြီ တောနက်တွေထဲအထိ သွားခုတ်ကြရတာ။ မိုးရာသီဆိုရင်တော့ ဝါးဖောင်တွေကို သိုင်းချောင်းအတိုင်းမျှောရင် ဆွာမင်းလမ်း တံတားနားအထိ ရောက်တယ်။ ခုချိန်ကတော့ ကားဝါးပေါ့ သာဂရ - ကိုးပင် ကားလမ်းအတိုင်း မိုင် ၄၀ အထိ သွားတင်ရတာလည်း ရှိတယ်။ လက်ရှိတော့ ဝါကြီးတစ်လုံးကို ကျပ် ၅၀ဝ ၊ ဝါးသေးက ၃၀ဝ ကျပ်ဝယ်ရတယ်” ဟု ၎င်းကပင် ဆက်လက်ပြောသည်။ 


အဓိကအားဖြင့် ဝါးကြမ်းခင်းနှင့် ခြံစည်းရိုးကာရန်အတွက် အသုံးပြုသည့် ဝါးကဒ်များကို ရွှေသပြေကျေးရွာနှင့် မြောက်လွှတ်ကုန်း ကျေးရွာများမှ ထွက်ရှိပြီး ဝါးထိုင်ခုံအမျိုးမျိုးကို ဆီဆုံကုန်းရွာတွင် ပြုလုပ်ကြခြင်းဖြစ်သည်။ ဆောင်းအကုန် နွေအကူး ပူပြင်းလှသော နေအပူချိန်ကြောင့် အရိပ်အာဝါသ ကောင်းမွန်သော နေရာများတွင် ဝါးထိုင်ခုံများဖြင့် အေးအေးလူလူ နားနေနိုင်ကြသည့်အတွက် မြန်မာနိုင်ငံ အရပ်ရပ်မှ မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ဒေသတွင်း ကျေးရွာများမှ ဝယ်ယူမှုများကြောင့်လည်းကောင်း နေ့စဉ်ရောင်းချနေရသဖြင့် ဝါးလုပ်ငန်းကို မှီခိုလုပ်ကိုင်နေသူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကိုလွင်(ဆွာ)