ဦးထုပ်ဆောင်းရင် ခေါင်းကိုက်တာ ဘာကြောင့်လဲ

နေပူလို့ဦးထုပ်လေးဆောင်းပါမယ်ဆို ဆောင်းလို့မဖြစ်၊ သူများလို စတိုင်ထုတ်ချင်လည်း ဦးထုပ်ဆောင်းတိုင်း ခေါင်းကိုက်ရသူတွေ ရှိပါတယ်။ အလှလည်းဆောင်းမရ၊ ကျန်းမာရေးအတွက်လည်း ဆောင်းမရ၊ နောက်ဆုံး ဆောင်းတွင်းခေါင်းစွပ်တောင် စွပ်မရသူတွေမှာ အတော်အဆင်မပြေဖြစ်ရပါတယ်။ ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ဒီဆောင်းပါးမှာ ဖော်ပြပေးမှာပါ။

 

ဒီလိုဖြစ်တာကို ဖိအားကြောင့်ခေါင်းကိုက်ခြင်း (compression headache) လို့ခေါ်ပါတယ်။ ဦးခေါင်းမှာ ဒါမှမဟုတ် ဦးရေပြားမှာ ဖိအားဖြစ်စေ၊ တင်းကျပ်စေတဲ့အရာတွေ ဝတ်ဆင်တဲ့အခါ ဖြစ်လာတတ်တဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးပါ။ ဦးထုပ်၊ ခေါင်းစည်းကြိုး၊ ခေါင်းပေါင်းတွေဝတ်ရင်ဖြစ်တတ်သလို တချို့မိန်းကလေးတွေမှာ ဘီးကုတ်တပ်ရင်တောင် ခေါင်းကိုက်တတ်ပါတယ်။

 

ဒီဝေဒနာက ဦးထုပ်ဆောင်းထားသရွေ့ ခံစားနေရတတ်ပြီး ချွတ်လိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက –

•           တဒုတ်ဒုတ်နဲ့ ထိုးကိုက်တာမဟုတ်ဘဲ ခေါင်းကိုက်ဝေဒနာကို ပုံမှန်နှုန်းနဲ့ခံစားနေရတယ်၊

•           မအီမသာဖြစ်တာ၊ ခေါင်းမူးတာလိုမျိုး တခြားလက္ခဏာတွေမရှိဘူး၊

•           ခေါင်းကို ဖိအားဖြစ်စေတဲ့အရာ ဖယ်ရှားလိုက်တာနဲ့ တစ်နာရီအတွင်း ကိုက်ခဲမှုသက်သာသွားတယ်။

 

ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်လေ့ရှိတဲ့သူတွေမှာဆို ဒီဝေဒနာကနေ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအဖြစ် ကူးပြောင်းသွားနိုင်ပါတယ် –

•           ဦးခေါင်းတစ်ခြမ်း သို့မဟုတ် နှစ်ဖက်စလုံးမှာ တဒုတ်ဒုတ်နဲ့ထိုးကိုက်ခြင်း

•           အလင်း၊အသံ  ဒါမှမဟုတ် တစ်ခါတလေ အထိမခံနိုင်တဲ့အထိ ဖြစ်ခြင်း

•           မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း

•           အမြင်အာရုံဝေဝါးခြင်း တို့ဖြစ်လာနိုင်ပါတယ်။

 

ဖြစ်လာစေတဲ့ အကြောင်းရင်း

ဖိအားကြောင့် ခေါင်းကိုက်ခြင်းကိုဖြစ်စေတာက အပေါ်မှာပြောခဲ့တဲ့အတိုင်း ဦးခေါင်းကိုတင်းကျပ်စေတဲ့အရာ – ဦးထုပ်၊ ခေါင်းဆောင်း၊ ခေါင်းစည်းကြိုးစတာတွေ ဝတ်ဆင်တာကြောင့် ဖြစ်ပါတယ်။

 

မျက်နှာကနေ ဦးနှော်က်ကို သတင်းပေးပို့တဲ့ နာကျင်မှုအာရုံကြောမျှင်လေးတွေနဲ့ နာကျင်မှုအာရုံလက်ခံပေးတဲ့ အာရုံကြောဆဲလ်တွေ ဒါမှမဟုတ် ဦးခေါင်းနောက်စေ့က အာရုံကြောတွေကို ဖိအားဖြစ်စေရာက ဖြစ်လာတာပါ။

 

နောက်ဆက်တွဲပြဿနာ

ဒီလိုဖြစ်တာကြာလာရင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ဖြစ်လာစေနိုင်ပါတယ်။

 

ဘယ်လိုကာကွယ်မလဲ

ပြင်ပဖိအားကြောင့် ခေါင်းကိုက်ဝေဒနာကို ကာကွယ်နိုင်ဖို့ကတော့ ဒီလိုဖြစ်စေတဲ့အရာတွေ ဦးခေါင်းမှာမဝတ်မိဖို့ပဲဖြစ်ပါတယ်။ ဦးထုပ်ဆောင်းမယ်ဆိုရင်တောင်မှ သိပ်မကျပ်တဲ့ ခပ်ချောင်ချောင်အရွယ်အစားကိုရွေးချယ်ပါ။ ဦးခေါင်းမှာ ဘာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်စေဖို့ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစားနဲ့ ဒီဇိုင်းကိုရွေးချယ်ပါ။

 

ဖြစ်လာရင်ရော ဘယ်လိုကုသမလဲ

အရှင်းဆုံးကတော့ ဒါကြောင့်ခေါင်းကိုက်နေရင် အဲဒီအရာကို ချွတ်ဖယ်လိုက်ဖို့ပဲလိုပါတယ်။ နောက်ထပ်သီးသန့်ကုသဖို့ လိုအပ်တာ နည်းပါတယ်။ ခေါင်းတစ်ခြမ်းကိုက် အဖြစ်များတဲ့သူတွေမှာသာ အခုလိုဖြစ်လာရင် ခေါင်းကိုက်ပျောက်ဆေးသောက်ဖို့ လိုပါလိမ့်မယ်။

 

ဦးထုပ်ဆောင်းတဲ့အခါ ဦးထုပ်ကို မကျပ်အောင် လျှော့ထားလိုက်ရင်လည်း သက်သာပါတယ်။ ဆံပင်နဲ့ဦးခေါင်းကို တင်းပြီးဆွဲစည်းသလိုမဖြစ်စေဖို့ ဂရုစိုက်ပါ။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win