ဦးစွာနားထောင်ပါ

၂၅  ဇွန်

 

“သက်ကြီးစကား သက်ငယ်ကြား”ဟူ၍ အစဉ်အလာဆိုရိုးစကားရှိသည်။ လူကြီးသူမတို့၏ အတွေ့အကြုံ အတွေးအမြင် ဆုံးမဩဝါဒတို့ကို မျိုးဆက် သစ် လူငယ်တို့က နာယူလက်ခံကာ ဆောင်ရန်ရှောင်ရန် လိုက်နာကျင့်သုံး ကြရန် ဆိုလိုရင်း ဖြစ်သည်။ အစဉ်အလာအားဖြင့် ကြီးသူကပြောသူဖြစ်၍ ငယ်ရွယ်သူတို့က နာယူသူများဖြစ်ကြသည်။ သို့ရာတွင် မျက်မှောက်ကာလ လူ့အဖွဲ့အစည်းက လျင်မြန်စွာပြောင်းလဲနေပြီး ထွေပြားရှုပ်ထွေးလျက် ရှိသည်။ ရိုးရှင်းသောလူနေမှုစနစ်များနှင့် ရိုးရာအစဉ်အလာဓလေ့များက ပါးလျားပျောက်ကွယ်လာကာ တဖြည်းဖြည်းနှင့် အတိတ်မှာ ကျန်ရစ်ခဲ့ကြပြီ။ မျက်မှောက်ခေတ်လူငယ်တို့ ဖြတ်သန်းနေကြရသည့် လူမှုပတ်ဝန်းကျင်သည် လွန်ခဲ့သည့်နှစ် ၂၀၊ နှစ် ၄၀၊ နှစ် ၆၀ က မျိုးဆက်တို့ ဖြတ်သန်းခဲ့ကြရဖူးသည့် လူမှုပတ်ဝန်းကျင်နှင့် အပုံကြီးကွာခြားသွားခဲ့ပြီ ဖြစ်သည်။

 

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ မြန်မာဘာသာဖြင့် “ဦးစွာ နားထောင်ပါ” ဟူ၍ ဖြစ်သည်။ အစဉ်အလာအားဖြင့် ဦးစွာပြောကြားသူများ ဖြစ်ကြသည့် လူကြီးတို့က ကလေးများ၊ လူငယ်များထံမှ ပြောကြားလာမည့် စကားများကို ဦးစွာနားထောင်ပေးကြရန် တိုက်တွန်း ထားခြင်းဖြစ်ပြီး ယင်းသို့ဦးစွာ နားထောင်ပေးခြင်းသည် ကလေးသူငယ်များနှင့် လူငယ်များ ကျန်းမာလုံခြုံစွာဖြင့် ကြီးပြင်းလာနိုင်ရေးအတွက် ၎င်းတို့အား အကူအညီပေးသည့် ပထမခြေလှမ်းဖြစ်သည်ဟူ၍လည်း ဖွင့်ဆိုထားသည်။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ သုံးစွဲမှုတို့က ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိရာ မသိနားမလည်သေးသူ၊ အသစ်အဆန်းကို စူးစမ်းလိုသူ၊ အန္တရာယ်ရှိသည်ဟု သိထားသည့်တိုင်အောင် စွန့်စားကြည့်လိုသူ လူငယ်များနှင့် ကလေးသူငယ်များမှာ အဓိကပစ်မှတ်များ ဖြစ်လာသည်။ ကလေးများနှင့် လူငယ်များ၏ ပတ်ဝန်းကျင်သို့ တိတ်တဆိတ် ရောက်ရှိလာသည့် မူးယစ် ဆေးဝါး အန္တရာယ်တို့က ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ အကျင့်စာရိတ္တနှင့် ၎င်းတို့၏ အနာဂတ်ဘဝတို့ကို လျှို့ဝှက်စွာ ဖျက်ဆီးရန် ခြိမ်းခြောက်နေ ကြပြီ ဖြစ်သည်။

 

လွန်ခဲ့သည့် ခုနစ်နှစ်က စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမယ်ပေါင်း ၂၆၀ ရှိခဲ့ရာမှ နောက်ထပ် ငါးနှစ်ကြာပြီးနောက် ယမန်နှစ်က စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးအမယ်ပေါင်းမှာ ၆၃၀ အထိ မြင့်တက်လာခဲ့သည်။ ယမန်နှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၆ ဘီလီယံအနက် သန်း ၂၅၀ ကျော်တို့မှာ မူးယစ်ဆေးဝါးကို တစ်နှစ်တာအတွင်း အနည်းဆုံးတစ်ကြိမ် သုံးစွဲခဲ့ကြကြောင်း၊ ယင်းအနက် ၂၉ ဒသမ ၅ သန်းမှာ မူးယစ်ဆေးဝါးစွဲလမ်းကာ ကုသမှုခံယူရန် လိုအပ်နေသူများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲစဉ် ဆေးလွန် သေဆုံးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်နွှယ်နေသည့် HIV ၊ အသည်းရောင်အသားဝါ B ၊ C နှင့် တီဘီရောဂါ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့်မူ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို ပြည်သူ့ကျန်းမာရေးကို ဦးစားပေးသော ချဉ်းကပ်မှုများ၊ ဖွံ့ဖြိုးရေးကို ဦးစားပေးသော ချဉ်းကပ်မှုများကို အလေးပေး၍ ရေးဆွဲထားပြီး ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုး ဖွံ့ဖြိုးရေး၊ သုံးစွဲမှုများ လျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာ ပူးပေါင်းကာကွယ်ရေး၊ သုတေသန လုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေးကဏ္ဍများ ထည့်သွင်းရေးဆွဲ ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ပြင်ဆင်ထားသော မူးယစ်ဆေးဝါးဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အပြစ်မပေးတော့ဘဲ ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုသာ ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အလျောက် မူးယစ်နွံအတွင်း သက်ဆင်းမိသူ လူငယ်လူရွယ်များအဖို့ မိမိကိုယ်မိမိပြုပြင်ရန်နှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ကာ မိသားစုအတွက် သားကောင်း သမီးကောင်း၊ နိုင်ငံအတွက် နိုင်ငံသား ကောင်းများ ဖြစ်လာအောင် ကြိုးပမ်းနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။ လူငယ်များနှင့် ကလေးများ၏ ပြောကြားမှုစကားသံ များကို ဦးစွာလက်ခံနားထောင်ပေးခြင်းအားဖြင့် ၎င်းတို့၏ ဘဝလုံခြုံရေး၊ ကျန်းမာရွှင်လန်းစွာ ကြီးပြင်းလာခွင့်ရရေးအတွက် ကူညီပေးနိုင်ကြ ပါစေကြောင်း။ ။

 

မြန်မာ့အလင်း