ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်

၂၂ ဇွန်

 

ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်နေ့၌ ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ ပါသည်။ အဆိုပါ ထုတ်ပြန်ချက်၌သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာရေးထိုးခြင်းနှင့် မြန်မာအစိုးရမှ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းတို့အပေါ် ထောက်ခံအားပေးကြောင်းဖော်ပြထားပါသည်။ ဤသတင်း ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်အရေးဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်မှု တို့သည် မှန်ကန်မှုရှိရုံသာမက ထောက်ခံမှုပါရရှိနေကြောင်း ပေါ်လွင်ထင်ရှားပါသည်။

 

ကမ္ဘာတစ်လွှားရှိ အဖျက်အမှောင့်အင်အားစုတို့က ရခိုင်ပြည်နယ်အရေးကို အကြောင်းပြုလျက် မြန်မာနိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားတို့ကနေရပ်စွန့်ခွာသွားသူများ ရခိုင်ပြည်နယ်သို့ ပြန်လာမည့်အရေးအပေါ် မလိုလား၊ ဆန့်ကျင်သယောင် ဝါဒဖြန့် ထိုးနှက်လျက်ရှိပါသည်။ ၂၀၁၈ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က မြန်မာနိုင်ငံ အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းသည် အဖျက်အမှောင့်အင်အားစုတို့၏ မလိုတမာ ဝါဒဖြန့်တိုက်ခိုက်မှုတို့ကို တုံ့ပြန်အလဲထိုးလိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါ သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာက နိုင်ငံတော်အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ မိမိတို့၏ သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာဖြင့်နေရပ်သို့ ပြန်လည်အခြေချ နေထိုင်ရေးအပေါ် ဆန့်ကျင်ခြင်းမရှိကြောင်းကို သက်သေ ထူပြသခဲ့ခြင်း ဖြစ်ပါသည်။

 

ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၏ အဆိုပါထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာတွင်ဖော်ပြထားသည့် အကြံပေးချက်များအား အပြည့်အဝ အကောင်အထည်ဖော်ခြင်းကို ထောက်ခံအားပေးကြောင်း ဖော်ပြထားပါသည်။ ဤသည်မှာလည်း နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်အရေးအပေါ် အမြော်အမြင်ရှိရှိသုံးသပ်ကိုင်တွယ် ဆောင်ရွက်ခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂက ထောက်ခံမှုပြုလုပ်လိုက်ခြင်း ဖြစ်ပါသည်။ ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်၌ ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် သီးခြားကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုပါကြောင်းကိုပါ ဖော်ပြထားပါသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်ကွယ်ပြုနေလေဟန် ဝါဒဖြန့်ထိုးနှက်မှုတို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ တုံ့ပြန်လိုက်ခြင်း ဖြစ်ပါသည်။ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၏ ဤထုတ်ပြန်ချက်သည် ဥရောပသမဂ္ဂ၏ ဒေသတွင်း ထုတ်ပြန်ကြေညာချက်၊ မြန်မာနိုင်ငံအတွင်းရှိ ဥရောပသမဂ္ဂအဖွဲ့ဝင် သံရုံးများမှ အကြီးအကဲတို့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်သော ထုတ်ပြန်ချက်ဖြစ်၍ ဥရောပသမဂ္ဂတစ်ဖွဲ့လုံးအား ကိုယ်စားပြုဖော်ပြမှု အပြည့်အဝရှိပါသည်။ နိဂုံးချုပ်အနေဖြင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၏ ဤထုတ်ပြန်ချက်သည် ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် နိုင်ငံတော်အစိုးရက မှန်ကန်မျှတစွာ ကိုင်တွယ် ဆောင်ရွက်နေသည်ကို သက်သေထူလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။